နိုင်ငံရေးပုဒ်မဖြင့် တရားရင်ဆိုင်နေရသူများ၏မိသားစုများ စားဝတ်နေရေး အကျပ်အတည်းကြုံနေရ

0
148
ပုံစာ - ကျောက်ဖြူအကျဉ်းထောင်ရှေ့တွင်စောင့်ဆိုင်းနေသူတချို့ကိုတွေ့ရစဉ်။

ရခိုင်ပြည်တွင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များမှာ စားဝတ်နေရေးကျပ်တည်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြကြောင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူတို့၏ မိသားစုများထံက သိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကာလအတွင်း ရခိုင်ဒေသခံများကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) ၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ယင်းတို့ထဲတွင် အိမ်ထောင်သည်အမျိုးသား အများစုပါဝင်ပြီး အိမ်ထောင်ဦးစီးမရှိသဖြင့် အပြင်တွင်ကျန်ရှိခဲ့သည့် မိသားစုများမှာ စားဝတ်နေရေးခက်ခဲမှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်တော်မြို့ခံ ကိုဇော်ဝင်း၏ဇနီးဖြစ်သူ ဒေါ်ခင်လှစံက “ယောကျ်ားကဖမ်းဆီးခံထားရတော့ သားသမီး ၃ ဦးနဲ့ သူတို့ရဲ့ကျောင်းစရိတ်တွေ၊ စားဝတ်နေရေးအတွက် တော်တော်လေးကို အခက်အခဲရှိတယ်။ အခုလည်း ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ရောင်းချပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ ဝန်ထမ်း (ကျောင်းဆရာမ) လစာနဲ့လည်း ဘယ်လိုမှလုံလောက်မှုမရှိဘူး” ဟု ပြောသည်။

ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း တရားစွဲဆိုခံခဲ့ရပြီး အမှုနှင့်ပတ်သက်၍ အပြီးသတ်အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ငါးလကျော်အထိ ရှိလာနေပြီဖြစ်သည်။

မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူ ဖြေရှင်းပေးနေသည့် အိမ်ထောင်ဦးစီးများ မရှိခြင်းမှာ စားဝတ်နေရေး၊ သားသမီးပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဆုံးရှုံးနစ်နာမှုများဖြစ်နေရကြောင်း တရားရင်ဆိုင်နေရသူများ၏ ဇနီးများနှင့် မိသားစုဝင်များက ပြောဆိုကြသည်။

စွဲဆိုထားသော အမှုများတွင်လည်း အမိန့်မချဘဲ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းရွှေ့ဆိုင်းနေခြင်း၊ တရားလိုနှင့် လိုပြသက်သေများ မရောက်ခြင်းတို့ကြောင့် အချိန်ကြန့်ကြာမှုများရှိ၍ နစ်နာမှုများရှိကြောင်း မိသားစုဝင်များက ပြောသည်။

“သားကို စစ်တွေခရိုင်တရားရုံးမှာပဲ ရုံးထုတ်တာကြောင့် ရုံးချိန်းတွေသွားရတာ စရိတ်ကြီးတော့ ငွေးကြေး ကုန်ကျမှုက တော်တော်လေးကို ရှိလာတယ်” ဟု တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့မှ ကိုမျိုးသွင်၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဌေးက ပြောသည်။

ကိုမျိုးသွင်အပါအဝင် ပုဏ္ဏားကျွန်းမြို့မှ ကိုဦးဘလှိုင်နှင့် ကိုမျိုးသူရထွန်းတို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၅၀၅ (က)၊ ဝတ္တရားနှောင့်ယှက်မှုနှင့် မသင်္ကာမှု ပုဒ်မ ၃၃၃/၁၁၄ တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်၍ လာမည့် စက်တင်ဘာ ၁၁ ရက်နေ့တွင် စွဲချက်အမိန့်အတွက် နှစ်ဘက် လျှောက်လဲချက်ပေးရန် ရုံးချိန်းခေါ်ဆိုထားကြောင်း သိရသည်။

မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ ရပ်ကွက်မှ တရားစွဲခံထားရသည့် ဦးကျော်ဝင်းလှိုင်၏ ဇနီးဖြစ်သူ ဒေါ်လှလှမြင့်က “ယောကျ်ားတစ်ယောက် အဖမ်းခံထားတော့ မိသားစုမှာ စီးပွားရေး၊ စားဝတ်နေရေးအတွက်ပါ တော်တော် လေးကို ခက်ခဲမှုရှိတယ်။ အမှုတွေကလည်း စစ်ဆေးမှုမရှိဘဲ ကြန့်ကြာနေတာက အမှုသည်အတွက် နစ်နာမှု ရှိတယ်။ ကျမတို့မှာ ငွေကြေးမတတ်နိုင်လို့ ရှေ့နေလည်းမငှားနိုင်ဘူး။ အမှုတွေကို မြန်မြန်စစ်ဆေးပြီးတော့ အမိန့်တစ်ခုကို ချမှတ်ပေးစေချင်တယ်” ဟု ပြောသည်။

ကျောက်ရာဇ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်အပါအဝင် ကိုကိုညွှန့်၊ တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်းတို့ ၃ ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၅၀၅ (က) အမှုကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက် ပေးသွားမည်ဖြစ်ပြီး ၁၇ (၁) အမှုတွင် လိုပြသက်သေများ မရောက်ရှိ၍ အမှုကို ရပ်ဆိုင်းထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်၏ ငြိမ်းချမ်းမှုကို အလေးထားသည့်အနေဖြင့် နိုင်ငံရေးပုဒ်များဖြင့် တရားရင်ဆိုင် နေရသူများကို ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုသည်။

“ရခိုင်ပြည်ရဲ့ ငြိမ်ချမ်းရေးကို ရှေးရှူပြီးတော့ အခုဖမ်းဆီးတရားစွဲဆိုထားသူတွေကို အစိုးရအနေနဲ့ ဦးစားပေး လွှတ်ပေးသင့်တယ်။ ဒီလူတွေကိုမလွှတ်ပေးရင် အမှုသည်တွေ အတွက်ရော၊ မိသားစုဝင်အတွက်ပါ နစ်နာမှု တော်တော်လေးကို ရှိကြတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်” ဟု ၎င်းက ပြောသည်။

ရက္ခိုင်တပ်တော် (AA)နှင့် ဆက်စပ်သည့် သံသယဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) ၊ (၂) တို့နှင့် တရားရင်ဆိုင်နေရသူ ၆၁ ဦးမှာ ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်အနှံ့ရှိ တရားရုံးအသီးသီးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇ (၁) (၂)၊ နိုင်ငံတော် ဆူပူလှုံ့ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က) တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၈ ဦး အထိ ကျန်ရှိ နေသေးကြောင်း DMG က စာရင်းကောက်ယူ ရရှိထားသည့် စာရင်းအရ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here