ဘီးလင်းတွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ

0
247
ပုံစာ - ဘီးလင်းဒေသခံ ၂၀၀၀ ကျော် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အလူးလေးကျေးရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာ ၄ ရွာ မှ ဒေသခံ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း စစ်ရှောင်ဒေသခံတို့ထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီခန့်က စပြီး အလူးလေးကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အနောက်ရွာ ကျေးရွာ ၄ ရွာ တို့မှ ဒေသခံ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာသို့ ချက်ချင်းတိမ်းရှောင် ထွက်ပြေးခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

“စစ်တပ်က အလူလေးကို ရောက်ကတည်းက စိုးရိမ်နေကြတာ။ တိုက်ပွဲဖြစ်တာနဲ့ လက်နက်ကြီးတွေ ဆက်တိုက် ကျလာတာ၊ ဘီးလင်းအောက်ဘက် ရွာတွေကို ပြေးတာလည်းရှိတယ်။ တချို့ကတော့ အပေါ်ဘက် ရွာတွေကို ပြေးကြတာ” ဟု အလူးလေးဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲသည် ညနေ ၄ နာရီခန့်တွင် ပြန်လည် ငြိမ်သက်သွားသော်လည်း နှစ်ဖက်စစ်ရေး တင်းမာနေသည့် အတွက် စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်စဉ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးပြီး လက်နက် ခဲယမ်းတချို့လည်း စစ်ကောင်စီဘက်က သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်သည်ကိုတွေ့ရပြီး၊ စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှု ရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသည်။

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here