“ယူသွားတဲ့စားနပ်ရိက္ခာတွေကုန်ရင် ဘယ်လိုမျိုးဆက်ရုန်းကန်ကြရမလဲပေါ့၊ နေမကောင်းဖြစ်ရင် ဆေးဝါးလည်း လုံလုံလောက်လောက်မရှိဘူး။ ပြီးတော့ ထမင်းချက်ရင် မီးခိုးငွေ့ထွက်တာတောင် ကြောက်နေကြရတယ်” ဧကနိရွာသားတစ်ဦး

0
104
ပုံစာ- ရေဖြူမြို့ကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ရ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဧကနိရွာသားတစ်ဦးနဲ့ ဆက်သွယ် မေးမြန်းချက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင်းမှာရှိတဲ့ လဲရှောင်၊ ထိန်ကြီး၊ ခမောင်း ချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း အစ ရှိတဲ့ ကျေးရွာထဲကို သြဂုတ်လ ၈ ရက်နေ့ က စပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာ တဲ့အတွက် အဆိုပါကျေးရွာများက ဒေသခံတွေက ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့တာ အပြင် နေအိမ်ဖောက်ထွင်းဖျက်ဆီးပြီး ပစ္စည်းခိုးယူတာတွေလည်း လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်အထိ ကျေးရွာတွေထဲမှာ တပ်စွဲလှုပ်ရှား နေတဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒေသခံရွာသားတွေဟာ ရွာထဲ ပြန်မလာရဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သိရှိစေဖို့ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသတွင်းက စစ်ဘေးရှောင်ကျေးရွာတစ်ခုဖြစ်တဲ့ ဧကနိရွာသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ရွာထဲကို စစ်ကောင်စီစစ်ကြောင်းတွေ ဘယ်လိုပုံစံနဲ့ ဝင်ရောက်လာတာပါလဲ။

ဖြေ။ ။ စစ်ကြောင်းက ရွာနီးနီးနားနားမှာ တော်လှန်ရေးတပ်တွေ အခြားလက်နက်ကိုင်တပ်တွေ ရှိနေတော့ အဲဒါကိုရှင်းဖို့ ရောက်လာကြတာ ထင်တယ်။ အင်အား ၁၀၀ ကျော်လောက် ရှိတဲ့ စစ်ကြောင်းက ဧကနိအုပ်စု ဖြစ်တဲ့ ဧကနိ၊ ရငဲ၊ ဝဇွမ်းတော၊ ကုန်သာယာအင်း စတဲ့ ရွာတွေထဲ ဝင်လာတာ။ ရွာထဲ စစ်ကြောင်းဝင်လာတော့ ဘယ်သူမှ ရွာထဲမှာ မနေရဲကြတော့ဘူး။ သက်ကြီးရွယ်အိုတွေလောက် ရွာမှာ ကျန်ခဲ့တာ။ အကုန်ထွက်ပြေး ကုန်တယ်။ ရွာမှာ ကျန်ခဲ့တဲ့ သူတွေကို ခေါ်စစ်တယ်။ လွှတ်ပေးတဲ့သူတွေ လွှတ်ပေးတယ် မလွှတ်တဲ့သူတွေ ကိုတော့ မလွှတ်ပေးဘူး။

ပုံစာ- ရေဖြူမြို့ကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ရ။

မေး။ ။ ရွာသားတွေ ဘယ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါလဲ။

ဖြေ။ ။ ရွာသားတွေက ရွာနဲ့ ၄ မိုင် ၅ မိုင်လောက် ကွာတဲ့ တောအုပ်ကြားထဲမှာနေနေရတာ၊ တချို့တွေဆို ထားဝယ်မြို့ပေါ် ထွက်လာကြတာ၊ မြို့နဲ့အဆက်မသွယ်မရှိတဲ့သူတွေကြတော့ တောထဲမှာ ရှောင်နေကြရတယ်။ ကိုယ့်ဘာကိုယ် မိုးကာနဲ့ တဲလေးထိုးပြီးတော့ တောတောင်ထဲမှာ နေနေရတာ။ အဲ့ကနေ ရွာကိုလှမ်းမြင်နေရတာ က ရွာကနေ မီးခိုးထွက်နေတာလောက်ပဲ မြင်ရတယ်။ ဘယ်နှစ်အိမ် မီးလောင်သွားလဲ ဘယ်နှစ်ရွာ မီးလောင် သွားလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။

မေး ။ ။ ရွာကနေထွက်ပြေးလာတဲ့နောက်ပိုင်း ရွာမှာဘာတွေဖြစ်နေလဲ၊ ဘာတွေသိထားတာရှိလဲ။

ဖြေ ။ ။ ရွာသားတွေ ရွာနားကို မကပ်ရဲတာက (စစ်သား) တွေ့တာနဲ့ ကြံဖန်ပြီး စစ်တာ၊ အစစ်အဆေး မခံချင်ကြဘူး။ ရွာထဲကျန်ခဲ့တဲ့သူတွေ ၂၀ ကျော် လောက် ရှိတယ်။ ခေါ်စစ်တာ လွှတ်ပေးတာက ၁၀ ယောက် တောင် မပြည့်ဘူး။ ရွာသားတွေက အိမ်စွန့်ပြီး တိမ်းရှောင်နေကြတော့ အိမ်မှာက တန်ဖိုးရှိပစ္စည်းတွေ ကျန်ခဲ့မှာပဲလေ၊ ပြန်ရောက်ရင်တော့ ရှိမှာပဲလေ၊ ဟိုတစ်ခေါက် ကျွန်တော်တို့ရွာဘက်က မြေသယ်တဲ့ လေးဘီးကားနဲ့ ဆိုင်ကယ်နှစ်စီး သယ်သွားတာတွေ့တယ်။ ကျွန်တော့်ရဲ့ဝမ်းကွဲအစ်ကို ဆိုင်ကယ် ပါသွားတယ်။

မေး။ ။ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့လူတွေ ဘယ်လိုအခက်အခဲတွေရှိနေကြလဲ။

ဖြေ ။ ။ ဆန်ကို မျှစားနေရတယ်။ ဘယ်မှာမှ ထွက်ဝယ်လို့ မရလို့၊ အားလုံး ထမင်းမငတ်အောင်တော့ မျှစားနေ ကြတယ်။ ယူသွားတဲ့ စားနပ်ရိက္ခာတွေကုန်ရင် ဘယ်လိုမျိုး ဆက်ရုန်းကန်ကြရမလဲပေါ့၊ နေမကောင်းဖြစ်ရင် ဆေးဝါးလည်း လုံလုံလောက်လောက် မရှိဘူး။ ပြီးတော့ ထမင်းချက်ရင် မီးခိုးငွေ့ထွက်တာတောင် ကြောက်နေကြ ရတယ်။ သူတို့(စစ်သား) တွေ့သွားမလားပေါ့၊ တောထဲမှာ ဘယ်လောက်များ တောင့်ခံနိုင်မလဲ စိုးရိမ်နေကြ တာပေါ့။

ရိက္ခာတွေကုန်သွားရင် ဘယ်လိုရှေ့ဆက် နေသွားရမလဲ မသိတော့ဘူး။ ကျွန်တော်တို့က မြို့ပေါ်ရောက်လာတော့ သူတို့ထက်စာရင် ပင်ပန်းတာလောက်ပဲ ကိုယ့်ဝမ်းစာအတွက် ရှာလို့ရသေးတယ်။ စားနပ်ရိက္ခာတွေ အပြေးအလွှား ဝယ်လို့ရတယ်။ သူတို့ကတော့ ပိုက်ဆံရှိနေရင်တောင် ဘာမှထွက်ဝယ်မရဘူး။ ဒါကြောင့် သူတို့ ပိုခက်ခဲတာပေါ့လေ။ ခုချိန်ထိ စစ်ကောင်စီတပ်တွေက ဧကနိရွာထဲ အခြေချနေတုန်းပဲ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here