“တကယ့်မြေပြင်မှာက လူအင်အားပဲရှိပေမယ့် တိုက်ခိုက်ရေးအင်အား အရမ်းနည်းသွားတယ်။ စစ်ကြောင်းထိုး လာတာတွေမှာ ကြည့်ရသလောက် သက်ကြီးရွယ်အိုတွေ ပါလာတာလည်း တွေ့ရတယ်ဆိုတော့ ထိုးတဲ့အပိုင်းကို အဲဒီလောက် မလုပ်နိုင်တော့ဘူး” တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုစတား

0
287
ပုံစာ- တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုစတားနဲ့ ဆက်သွယ်မေးမြန်းချက်။

ပြည်သူ့ ခုခံတွန်းလှန်စစ် အားကောင်းတဲ့ တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့တွေအနီးတဝိုက်အထိ ရောက်ရှိနေရာယူလာကြသလို စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

ဒေသတွင်းသုတေသန အဖွဲ့အစည်းတစ်ခုရဲ့ အဆိုအရ တနင်္သာရီတိုင်းရှိ ဒေသအများအပြားမှာ ပြည်သူ့ ကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်ပြီး မကြာခဏ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဗျူဟာ ပြောင်းလဲလာတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဗျုဟာ ပြောင်းလဲ လာမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ နယ်မြေစိုးမိုးနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုစတားကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံးအနေနဲ့ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ လောလောဆယ်ကတော့ ထားဝယ်ခရိုင်ဘက်မှာပဲ လှုပ်ရှားမှုတွေ ရှိနေတယ်။ ဘိတ်ခရိုင်မှာဆို ပလောမြို့နယ်မှာ PDF တွေက ပြည်ထောင်စုလမ်းပိုင်းနဲ့ နီးစပ်တဲ့နေရာတွေမှာ လှုပ်ရှားမှု ရှိတယ်။ တပ်စွဲထားတဲ့ နေရာတွေရှိတော့ အဲဒီဘက်ကို လှုပ်ရှားမှုရှိတယ်။ ဘုတ်ပြင်းဘက်လည်း ပုံမှန်ပဲ။

မေး။ ။ စစ်ကောင်စီဘက်က ဒီနောက်ပိုင်း စစ်ကြောင်းထိုးတာတွေ ရှိသေးလား။ တိုက်ပွဲတွေကရော ဘယ်နေရာတွေမှာ ဆက်လက်ဖြစ်ပွားနေပါလဲ။

ဖြေ။ ။ သူတို့ဘက်ကတော့ ကျွန်တော်တို့ဘက်က လှုပ်ရှားမှုကို မူတည်ပြီး တုံ့ပြန်လာတဲ့သဘောမျိုးပဲ ရှိတယ်။ ထားဝယ်ဘက်မှာဆိုလည်း စစ်ကြောင်းထိုးနေတာ ရှိတယ်။ ပုလောဘက်မှာဆိုလည်း သူတို့ထိန်းချုပ်ထားတဲ့ နေရာကို ပိုပြီးနီးကပ်လာတော့ အဲဒီအပေါ် သူတို့ဘက်က တပ်ရင်းပြင်ဆင်လာတဲ့ ပုံစံမျိုးရှိတယ်။ ကျွန်တော်တို့ လှုပ်ရှားတဲ့အပေါ်မှာ လိုက်ပြီး တန်ပြန်လုပ်တဲ့သဘောမျိုး ဖြစ်တယ်ပေါ့။

မေး။ ။ အရင်လို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို စစ်ကြောင်း မထိုးနိုင်တော့ဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ ထားဝယ်မှာတော့ ထိုးတယ်။ ကျန်တဲ့ ဘိတ်ခရိုင်မှာတော့ မရှိဘူး။ ကော့သောင်းခရိုင်မှာ မရှိဘူး။ PDF တွေရှိတဲ့ နေရာတော့ သူတို့သိထားပြီးသားလေ။ သူတို့စစ်ကြောင်းထိုးတယ်ဆိုတာက အရေးကြီးတဲ့ VIP လမ်းကြောင်းတွေ ရှိမယ်ဆိုရင် လမ်းထဲယူရင် ယူမယ်။ သီးခြားလာတာတော့ မရှိဘူး။ ပြီးရင် တပ်အချိန်း အပြောင်းတွေ ရှိမယ်။ ရိက္ခာပို့မယ့် လတွေရှိမယ်။ အဲဒီလိုလတွေဆို သူတို့စစ်ကြောင်းပုံစံနဲ့ ထိုးတယ်။ သီးသန့်စခန်းတွေကို တိုက်ခိုက်တဲ့ ပုံစံမျိုးကတော့ တော်တော်လေး နည်းသွားတာ ရှိတယ်။

မေး။ ။ စစ်ကောင်စီဘက်က စစ်ရေးဗျူဟာ ပြောင်းလဲလာတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ ပြောင်းလဲလာတယ်ဆိုတာက သူတို့အင်အားရောပေါ့။ အဓိက တိုင်းထဲမှာရှိနေတဲ့ စစ်ကောင်စီ အင်အားကလည်း ကျွန်တော်တို့ထက် စစ်ရေးတင်းမာနေတဲ့ ပြည်နယ်တို့ဘက်ကို ပိုထားတာ ရှိတယ်။ ဒီဘက်မှာလည်း သူတို့ရဲ့တိုက်ခိုက်ရေးရဲဘော်က အရေအတွက်မှာပဲ ရှိတယ်။ တကယ့်မြေပြင်မှာက လူအင်အားပဲ ရှိပေမယ့် တိုက်ခိုက်ရေးအင်အား အရမ်းနည်းသွားတယ်။ စစ်ကြောင်းထိုးလာတာတွေမှာ ကြည့်ရသလောက် သက်ကြီးရွယ်အိုတွေ ပါလာတာလည်း တွေ့ရတယ်ဆိုတော့ ထိုးတဲ့အပိုင်းကို အဲဒီလောက် မလုပ်နိုင်တော့ဘူး။ သူတို့ဘက်က ခံစစ်ကို ပိုပြင်လာတဲ့ သဘောတော့ တွေ့ရတာပဲ။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဘယ်လိုမဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ တစ်နှစ်တာစီမံချက်တွေ ရှိတယ်။ မဟာဗျူဟာတွေက ဆုံးဖြတ်ထားတဲ့ တိုက်ခိုက်ရေး လုပ်ငန်းတွေ ရှိတယ်။ ဒါတွေကို တစိုက်မတ်မတ် လုပ်နေတာပဲ။ ကျွန်တော်တို့ဘက်ကတော့ အရှေ့ကိုတက်ဖို့ပဲ ရှိတယ်။ လောလောဆယ် တချို့မြို့နယ်တွေမှာတော့ စစ်ရေး မပူဘူး။ သာမန်ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ စစ်ရေး ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် သွားနေတယ်။ ပုလောဘက်မှာလည်း သူတို့ပစ်တာ ရှိတယ်။ သူတို့ပစ်တာက တစ်နေရာထဲ မဟုတ်ဘူး။ ပတ်ဝိုင်းပစ်နေတာမျိုးလည်း ရှိတယ်။ တနင်္သာရီဘက်မှာလည်း အပစ်ခံနေရတာ ရှိတယ်။ မြို့ကြီးတွေမှာ အပစ်ခံရတာက ပုလောနဲ့တနင်္သာရီမှာ ရှိတယ်။ ကျန်တဲ့မြို့နယ်ဘက် တွေမှာတော့ အနည်းစု ဖြစ်နေတာ။ လောင်းလုံမှာဆို ဌာနဆိုင်ရာအဆောက်အအုံတွေ သွားပစ်ခတ်တာ ရှိတယ်။ ထားဝယ်မှာကျတော့ သူတို့ ဝန်ကြီးအိမ်ရာတို့၊ လွှတ်တော်အဆောက်အဦးတို့ ဒါတွေ သွားပစ်ခတ်တာ ရှိတယ်။

မေး။ ။ ဒီလိုအခြေအနေမှာ စစ်ကောင်စီတပ်ဘက်က ဘာတွေလုပ်လာနိုင်မယ်လို့ မြင်ပါလဲ။ ဖြတ်လေးဖြတ်ကရော ဘယ်လိုလုပ်တာတွေ ရှိနေပါလဲ။

ဖြေ။ ။ သူတို့ဘက်က စစ်ရေးအနေအထားအရ အသာစီး မရတော့ဘူးဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ပြည်သူတွေကို ပိုပြီးအကြောက်တရားတွေ ရိုက်သွင်းလိမ့်မယ်။ ပိုပြီး ဖမ်းဆီးတာတွေ၊ နှိပ်စက်သတ်ဖြတ်တာတွေ၊ လှုပ်ရှားတာတွေ ပိုပြီးလုပ်လာလိမ့်မယ်။ သူတို့ဘက်က ထွက်ပေါက်မရှိတဲ့ အခြေအနေတွေ အခုလည်း လုပ်နေပါပြီ။ နောက်ဆိုရင် ပိုတောင်ဆိုးလာမယ့် အနေအထား ရှိတယ်။ ကျေးလက်ဒေသထက်စာရင် မြို့ပြတွေကို သူတို့ ပိုပြီးဂရုစိုက်လာတယ်။

မြို့ကြီးတွေမှာနေထိုင်တဲ့ လူတွေကတော့ ပိုပြီးတော့ နောက်ပိုင်းမှာ ပိုပြီးကျပ်တည်းလာကြဖို့ အခြေအနေ ရှိတယ်။ ပုလောဘက်မှာဆို ရွာသားတွေ ရှိတယ်။ ကျေးရွာလူထု လိုအပ်ချက်အရ ရိက္ခာတွေ၊ ဆန်လိုအပ်ရင် ကုန်စည်ပို့ဆောင်တဲ့ အပိုင်းကို ရွာသူရွာသားတွေ ရှိနေတော့ ဖြတ်လိုက်မယ် မထင်ဘူး။ အဓိက သူတို့ထောက်ပို့ လမ်းကြောင်းကို ဖြတ်လိုက်မယ်။ သူတို့ တော်လှန်ရေး အင်အားစုဘက်ကို သူတို့မရမက စုံစမ်းဖော်ထုတ်တာ ရှိတယ်။ သူတိုသံသယနဲ့ အပြစ်ပေးအရေးယူတာတွေ လုပ်လာတာ တွေ့ရတယ်။

မေး။ ။ မြို့ပြတွေ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေ ရှိနေတာဆိုတော့ မြို့ပြပြည်သူတွေကို ဘာတွေ ပြောပြချင်တာ ရှိမလဲ။

ဖြေ။ ။ အဓိကက ကျွန်တော်တို့မှာ အရေးကြီးတာ သတင်းအချက်အလက်ပေါ့နော်။ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေ ရှိတယ်။ ဒါတွေက အချိန်နဲ့တပြေးညီ သိထားဖို့ လိုတယ်။ သူတို့တပ်အင်အား ဘယ်လောက်ရှိမလဲ။ ပြီးတော့နယ်မြေရဲ့ ပထဝီအနေအထားပေါ့။ ဒါတွေက ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ သတင်းပေးမှုအပေါ် အများကြီး အားကိုးနေရတာ ရှိတယ်။ ဒါလေးတွေလည်း ပိုပြီးဆောင်ရွက်ပေးနေတာ ရှိတယ်။ သူတို့နဲ့ နီးစပ်တဲ့ တပ်စခန်းတွေ ရှိတယ်။ အဲဒီအနီးအနားမှာ နေထိုင်တဲ့သူတွေက တတ်နိုင်သမျှ လုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့ဖို့လိုတယ်။ အတတ်နိုင်ဆုံး ကတော့ ဒီနေရာတွေနဲ့ဝေးဝေးမှာ နေထိုင်ကြဖို့က အန္တရာယ်အကင်းဆုံးပါပဲလို့ ပြောချင်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်တပ်ရဲ့ လက်ရှိအခြေအနေကို ပြည်သူတွေကို ဘာတွေပြောပြချင်တာရှိမလဲ။

ဖြေ။ ။ ထားဝယ်ဘက်မှာ ပကာရီရွာထဲမှာ တာဝန်ကျနေတဲ့ ဗိုလ်တစ်ယောက်က အစည်းအဝေးခေါ်တယ်။ ပကာရီမှာ PDF တွေ ရှိတာ သိပါတယ်ပေါ့ ။ PDF တွေ လက်နက်မကိုင်ဘဲ အရပ်ဝတ်နဲ့သွားလာ လှုပ်ရှားလို့ ရတယ်။ အဓိက က သူတို့ကို ပစ်တာတွေ၊ ပြသာနာရှာတာ မလုပ်ပဲ ရွာသားတွေကလည်း ကြောက်လန့်ပြီး မသွားဘဲ ကိုယ့်နေရာ ကိုယ်ပြန်လာလို့ ရတယ်။ အဓိကက PDF တွေကို ပြောပေးပါပေါ့။ သူတို့ကို လာမတိုက်ပါနဲ့ ဆိုတဲ့ဟာ သူတို့အစည်းအဝေးခေါ်ပြောတာ ရှိတယ်။

သူတို့မှာ အကြောက်တရားတွေ ရှိနေတယ်။ မဖြစ်မနေ တိုက်ပွဲထွက်ရတာတော့ ရှိတာပေါ့။ အဓိကက သူတို့ကို လာမတိုက်ပါနဲ့။ PDF တွေလည်း အရပ်ဝတ်နဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။ အေးအေးချမ်းချမ်း နေကြရအောင်လို့ ပြောလာတာ ရှိတယ်။ အဓိက က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာက အကုန်ဖွင့် နေတယ်လို့ ပြောလို့ရတော့ သူတို့မှာ တပ်စခန်းက ထွက်လိုက်တာနဲ့ ရန်သူရဲ့နယ်မြေထဲ ရောက်သွားတာပေါ့။ နေရာတိုင်းမှာ သူတို့ကို ခုခံတော်လှန်နိုင်တဲ့ စစ်မျက်နှာတွေ အများကြီး ရှိနေတယ်။

သူတို့ရဲ့ လုံခြုံမှုက မရှိတော့ဘူး။ သူတို့ရဲ့အင်အားကလည်း အများကြီး လျော့နည်းလာတာရှိတယ်။ စိတ်ဓာတ် ရေးရာကလည်း သူတို့ ကျဆင်းလာပြီ။ ဖြစ်နိုင်ရင် စစ်မတိုက်ချင်တော့ဘူး။ အမြန် သူတို့ငြိမ်းချမ်းရေးတစ်ခုကို လိုချင်တယ်ဆိုတဲ့ အနေအထားမျိုး ရောက်သွားပြီဆိုတဲ့ စိတ်ဓာတ်ရေးရာ အရရော၊ စုဖွဲ့မှုအရတော့ အင်မတန် ကျဆင်းနေပြီ။ သူတို့က တိုက်ခိုက်ရေးဘက်ကို အားမသန်တော့ဘူးဆိုတာ တော်တော်များများ တွေ့လာရတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here