စစ်ကောင်စီ စစ်ရေးအသာစီးမရတော့ဟု KNU ပြောဆို

0
206
ပုံစာ - စစ်ကောင်စီ စစ်ရေးအသာစီးမရတော့ဘဲ အဖက်ဖက်ကရှုံးနိမ့်လာနေ။

စစ်ကောင်စီတပ်က မြေပြင်တွင် အဖက်ဖက်က ရှုံးနိမ့်လာနေပြီး ထိုးစစ်မထိုးနိုင်သည့်အပြင် ပုံမှန်လုပ်နေကြ တပ်အချိန်းအပြောင်းကိုပင် မလုပ်နိုင်တော့ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ပြောသည်။

KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက လက်ရှိ၌ စစ်ကောင်စီတပ်က ကျင့်သုံး လာသည့် စစ်ရေးဗျူဟာပုံစံနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

“စစ်ကောင်စီက စစ်ရေးအနေအထားက သနင်္ဂဗျူဟာအရ ခံစစ်အနေအထားလို့ ရောက်ပြီလို့ ပြောလို့ရပါတယ်။ နည်းဗျူဟာအရတော့ နည်းပရိယာယ်ကတော့ ထိုးစစ်ကို မလုပ်နိုင်ဘဲနဲ့ အဲဒီအစား လက်နက်ကြီးနဲ့ လေယာဉ်ကိုပဲ အစားထိုး အသုံးပြုနေရပါတယ်” ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယခင်က တစ်နှစ်တစ်ခါ တပ်လဲလှယ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် က စပြီး ၄ နှစ်ခွဲ ကြာလာသည်အထိ တပ်လဲလှယ်မှုများကိုလည်း မလုပ်ဆောင်နိုင်တော့ဘူးဟု KNLA ဆိုသည်။

စစ်ကောင်စီက တပ်လဲလှယ်မှုများ မလုပ်ဆောင်နိုင်သည့်အပြင် ရှေ့တန်းစစ်မြေပြင်တွင်လည်း ချိနဲ့ယိုင်နဲ့နေသော အနေအထားကို ရောက်ရှိနေပြီဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်ပြောသည်။

“ဒီစစ်ကောင်စီတပ်ကနေပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုရင် ထုတ်နှုတ် အင်အားနဲ့ပဲ လုပ်နေရပါတယ်။ နောက်ပြီးတော့ ဒီတပ်စခန်း တစ်ခုနဲ့တစ်ခု လှုပ်ရှားနိုင်မှု စွမ်းအားကလည်း ကျဆင်းနေပါတယ်။ နောက်ပြီးတော့ အဓိက သူတို့တပ်စခန်းတွေကို တပ်စခန်းဖြစ်တဲ့ ခြေကုတ်စခန်းကို မဖြစ်မနေ သူတို့ ကာကွယ်ရမယ့်ဆိုရင် စခန်းတွေကို သူတို့ ဒီလေယာဉ်နဲ့ ရိက္ခာသယ်နေရတယ်။ နောက်ပြီးတော့ ဒီစခန်းကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေသုံးပြီး ကာကွယ်နေရပါတယ်” ဟု ၎င်းက ပြောသည်။

ရှေ့တန်းစစ်မြေပြင် စခန်းများတွင် ချိနဲ့ယိုင်နဲ့လာနေသည့်အပြင် မြို့နှင့်မဝေးသည့် ဒေသများရှိ တပ်စခန်းတို့တွင် လည်း လုံခြုံရေးအရ ခြိမ်းခြောက်မှုများကို ခံနေရသည့်အတွက် ဆိုင်ကယ်များကားများ မသွားနိုင်အောင် ဘတ်ဖိုးများနှင့် မြို့အဝင်အထွက် လမ်းများကို ဖြတ်တောက်ထားသည်ဟု KNLA က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်ရာ ဒေသများတွင် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ တစ်ဖက်တွင်လည်း KNU ထိန်းချုပ်နယ်မြေထဲက စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်၏ တပ်စခန်းများကို KNLA နှင့် ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။

KNU နယ်မြေထဲရှိ စစ်ကောင်စီ၏ တပ်စခန်းများ သိမ်းပိုက်ခံနေရသည့်အပြင် အခြားသော တိုင်းရင်းသား ဒေသများထဲရှိ စစ်ကောင်စီတပ်စခန်းများလည်း တိုက်ခိုက်သိမ်းပိုက် ခံနေရသည့်အတွက် စစ်ကောင်စီတပ်က မြေပြင်တွင် အဖက်ဖက်က ရှုံးနိမ့်နေပြီး ခံစစ်အနေအထားကို ပြောင်းလဲကျင့်သုံးလာနေသည်ဟု တော်လှန်ရေး အင်အားစုများကလည်း ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here