ရေဖြူတွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

0
182
ပုံစာ - စစ်ကောင်စီ စစ်ကြောင်းထိုးဝင်လာလို့ ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံတချို့။

တနင်္သာရီတိုင်း၊ ရေဖြူမြို့ အနောက်ဘက်ကမ်းရှိ ရပ်တော်မူဘုရား လမ်းဆုံအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ၎င်းတို့ ဖမ်းဆီးထားသည့် ဒေသခံတစ်ဦး ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်၌ ထွက်ပြေးသွားသည်ကို ပစ်ခတ်ခဲ့ရာမှ ဒေသခံအရပ်သားများကို ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်တပ် ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် မသွယ်သွယ်ဝင်းနှင့် ကုန်စုံဆိုင်ရောင်းနေသည့် မနန္ဒာနှင့် အခြားဒေသခံ နှစ်ဦးတို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးနှစ်ဦးကို ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့မှ စပြီး ထားဝယ် အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသည့် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိလည့် ထိုကျေးရွာများအတွင်း တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင်း ဒေသခံရွာသား ၄၀၀၀ နီးပါးသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

“ရွာအခြေအနေက ရွာဘက်ကို ပြန်တာမပြောနဲ့ ဘယ်သူမှ မသွားရဲကြဘူး။ တချို့က မြို့ပေါ် ထွက်ပြေးကြတယ်။ မြို့နဲ့ အဆက်အသွယ် မရှိတဲ့သူတွေက ရွာနဲ့ ၄/၅ မိုင်လောက်ဝေးတဲ့ တောတောင် ခြံတွေကြားမှာ နေနေကြ ရတယ်။ ကိုယ့်ဘာကိုယ် အဆင်ပြေသလို မိုးကာလေးနဲ့တဲထိုး နေနေကြတယ်။ တချို့က ကိုယ့်ခြံမှာ ဆောက်ထားတဲ့ တဲတွေမှာ မိသားစု ၄ စု ၅ စုလောက် စုနေကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဧကနိရွာသားတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် ဒေသခံများကို ဖမ်းဆီးသည့်အပြင် နေအိမ် မီးရှို့တာ၊ နေအိမ်ဖောက်ထွင်းတာတွေ လုပ်ဆောင်လျက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here