စစ်အာဏာသိမ်းမှုအောက်က ရခိုင်လူငယ်တွေရဲ့အခန်းကဏ္ဍ ဘယ်ဆီဦးတည်နေလဲ

0
184
ပုံစာ - ရခိုင်လူငယ်တချို့။

စစ်အာဏာသိမ်းမှုအောက်က ရခိုင်လူငယ်တွေရဲ့အခန်းကဏ္ဍ ဘယ်ဆီဦးတည်နေလဲ။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းယူလိုက်သည့်အချိန်မှစ၍ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးကအစ အဘက်ဘက်မှာ ယိုင်လဲသွားရခဲ့ရသည်။ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်များ၏အခန်းကဏ္ဍသည်လည်း အာဏာသိမ်းမှုနှင့်အတူ မှေးမှိန်သွားခဲ့ရပြီး လွတ်လပ်စွာပြောဆိုခွင့်၊ မျှော်လင့်ချက်၊ ရည်မှန်းချက်များ ပျောက်ဆုံးပြီး လုံခြုံမှုကင်းမဲ့နေကြရသည်။

ရခိုင်ပြည်အတွင်း အာဏာရှင်တော်လှန်ရေး ဆန္ဒထုတ်ဖော်မှုများ မရှိသော်လည်း စစ်အာဏာသိမ်းမှု၏ အကျိုးဆက် ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်မှာလည်း နှစ်နှစ်ကျော်အထိ ရှိခဲ့ပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုအောက်မှာ လူငယ်များ ဘယ်လိုဖြတ်သန်းနေကြရပါလဲ။ လူငယ်တွေ၏ မျှော်လင့်ချက်၊ စိန်ခေါ်မှု၊ အခွင့်အရေး စသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ရခိုင်ပြည်အတွင်းက လူငယ်တချို့၏ စကားသံများကို မေးမြန်းဖော်ထုတ်ပေးလိုက်ပါသည်။

ကိုဦးသန်းနိုင် (ရခိုင်ပြည်ကျောင်းသားသမဂ္ဂ)

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်ကို ရောက်နေတယ်။ ကျနော်တို့ လူငယ်တွေအနေနဲ့ နိုင်ငံရေး၊ တခြားလူမှုရေး လှုပ်ရှားခွင့်မရတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ အရင်ကဆိုရင် စစ်သားတပိုင်း၊ အရပ်သားတပိုင်း အစိုးရ ဖြစ်တဲ့အတွက် တချို့လှုပ်ရှားမှုတွေဆိုရင် ကျနော်တို့အတွက် အဆင်ပြေတယ်။ လက်ရှိ အချိန်မှာတော့ ကျနော်တို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ မြေပေါ်လှုပ်ရှားမှုတွေကို ရပ်တန့်ထားရတာ ရှိပါတယ်။ စစ်အာဏာရှင်လက်ထက်မှာဆိုရင် အဖွဲ့အစည်း ဖွဲ့စည်းခွင့်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ မီဒီယာနဲ့ ပတ်သက်ပြီး လူငယ်အခန်းကဏ္ဍတွေမှာလည်း ဖိနှိပ်ခံရတာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်အခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ပြောလို့ရတယ်။

ကိုကျော်အေးမောင် (မောင်တောဒေသခံ)

လူငယ်တွေကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စတွေမှာ လက်တွဲပြီးခေါ်ဆောင်ပေးကြဖို့ လိုပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာဆိုရင် လူငယ်တွေရဲ့အခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ လူမှုရေးလှုပ်ရှားမှုတွေမှာ လွတ်လပ်စွာ လှုပ်ရှားလို့ မရဘူး။ အကြောက်တရားတွေ အများကြီး ဝင်ပြီးတော့ ကိုယ်တို့လုပ်ချင်တဲ့ဟာ လုပ်လို့မရဘူး။ သွားချင်တာသွားလို့ မရဘူး။ အွန်လိုင်းကနေ အလုပ်လုပ်မယ် ဆိုရင်တောင် လုပ်လို့မရဘူး။ အွန်လိုင်းနဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်းချက်တွေက အမျိုးမျိုးနဲ့ ချုပ်နှောင် ကိုင်တွယ်လာတော့ မလုံခြုံမှုတွေ ခံစားလာရတယ်။ လူငယ်တွေအနေနဲ့ တစ်ခုလုပ်ပြီဆိုရင် သူတို့က ဘယ်ပုဒ်မတွေနဲ့ ကိုင်ပေါက်မလဲ ဒါမျိုးတွေကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတော့ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။

မတင်ဌေး (ပေါက်တောဒေသခံ)

လက်ရှိအခြေအနေမှာ မုန်တိုင်းလည်း တိုက်ခတ်သွားတယ်။ စစ်ဘေးရှောင်တွေလည်း ရှိတဲ့အခါ ငွေရေးကြေးရေး အခက်ကြုံရတာတွေ ရှိတယ်။ စီးပွားရေးအခက်အခဲတွေ ဖြစ်တယ်။ ဒါတွေကြောင့် ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာတွေ မလုပ်ရဘဲ မျှော်လင့်ချက်မဲ့သွားတာတွေ ရှိတယ်။ လူငယ်တွေအနေနဲ့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေက အစ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပညာရေး ဆိုလို့ရှိရင်လည်း ကိုဗစ်ရော၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လည်း ကျောင်းတွေပိတ်လိုက်ရတဲ့အခါ တစ်နှစ်တက်လိုက် တစ်နှစ်နားလိုက်နဲ့ အချိန်တွေ အများကြီး ကြာသွားတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဖြစ်စေချင်တာက တစ်ခုခုဖြစ်ပြီဆိုရင် လမ်းပန်းဆက်သွယ်ရေး ပိတ်လိုက်တာမျိုးတွေ မလုပ်စေချင်ဘူး။ နိုင်ငံရေးအခြေအနေ မကောင်းဘူး ဆိုရင်လည်း ကျောင်းတွေပိတ်လိုက်တာမျိုး မလုပ်စေချင်ဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ အကြာကြီး ပိတ်ထားတာမျိုး အဲလိုပုံစံမျိုးတွေ မဖြစ်စေဖို့ တောင်းဆိုချင်ပါတယ်။

ကိုဇော်မျိုးနိုင် ၊ ရသေ့တောင်ဒေသဖွံ့ဖြိုးရေးအသင်း (RRDA)

လတ်တလောမှာ ကျနော်တို့က သဘာဝဘေးဒဏ်ကို ခံစားခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းမှာ အများကြီး ပါဝင်လုပ်ကြဖို့ ပြောချင်ပါတယ်။ နောက်ပြီး ကျနော်တို့ ရသေ့တောင်မှာဆိုရင် စစ်ဘေးရှောင်တွေ အများကြီးရှိတယ်။ အဲဒီစခန်းတွေထဲမှာရှိတဲ့ လူငယ်တွေမှာ လုပ်ချင်တာလုပ်ခွင့် မရဘူး။ စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတဲ့အခါ ပညာရေးပိုင်းမှာ မလှမ်းနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ လူငယ်လေးတွေအနေနဲ့ ပညာရေးပိုင်းမှာ ငွေကြေးမတတ်နိုင်တဲ့အတွက် ဆုံးခန်းတိုင်အောင် ပညာသင်ကြားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ ဒုက္ခတွေခံစားနေရတဲ့အချိန်မှာ တိုက်ပွဲတွေ လုံးဝ မဖြစ်စေချင်ပါဘူး။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ကျနော်တို့လူငယ်လေးတွေရဲ့ ဘဝအနာဂတ်၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူနေမှုဘဝ တိုးတက်ရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့လိုပါတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ ထင်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူငယ်တွေကို လက်တွဲခေါ်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ပိုင်ခွင့်တွေပေးဖို့ လိုအပ်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here