ကျိုက်မရောမြို့နယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
188
ပုံစာ - ကျိုက်မရောမြို့၊ ကော့ခလိန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအား ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းက အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများထံ က သိရသည်။

ကော့ခလိန်ကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ အသက် ၄၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသည် ဇနီးဖြစ်သူနှင့်အတူ ဩဂုတ် ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က ကော့ခလိန်ကျေးရွာမှ ကြာအင်းချောင်းကျေးရွာ ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင် သွားနေစဉ် ကျေးရွာချင်းဆက် လမ်းအရောက်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဦးဇော်မင်းကို သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ခဲ့သည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးဇော်မင်းသည် ဘယ်ဘက်လက်ပျံအောက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဘယ်ဘက်ဇက်ပိုးအနီး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကိုဇော်မင်းရဲ့ ဇနီးဖြစ်သူကတော့ အပစ်မခံရဘူး။ လက်ရှိ ကိုဇော်မင်းက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ကော့ခလိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့် အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက် မွန်းလွဲပိုင်းကလည်း ကျိုက်မရောမြို့နယ် မရမ်းကျေးရွာဘက်မှ ကျွန်းရွာကျေးရွာ ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကျွန်းရွာကျေးရွာသားတစ်ဦး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းကလည်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာခံတစ်ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here