“စကစရဲ့ အခြေအနေကလည်း တော်တော်လေးယိမ်းယိုင်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုက တိုးပြီး လုပ်ဆောင်လာနိုင်တဲ့အချိန်မှာ သူတို့အနေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေကို မပြုလုပ်သင့်တော့ဘူးလို့ အဓိကပြောချင်ပါတယ်” KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေး

0
231
ပုံစာ - KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေး

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောကလယ်စေးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရသူ ပဒိုစောကလယ်စေးကို NCA စာချုပ်ကို စစ်ကောင်စီဘက်က စပြီးချိုးဖောက်ခဲ့တယ်လို့ KNU က သတင်းစာရှင်းလင်းပွဲကနေ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာ၊ KNU ရဲ့ “၁၇” ကြိမ်မြောက်ညီလာခံအပြီး ရက်တစ်ရာပြည့်လုပ်ဆောင်ချက်များအကြောင်း၊ လက်ရှိစစ်ရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ NCA စာချုပ်ကို စစ်ကောင်စီဘက်က စပြီးချိုးဖောက်ခဲ့တယ်၊ လိုက်နာဖို့ မလိုတော့ဘူး၊ ပျက်ပြယ် သွားပြီလို့ KNU က သတင်းစာရှင်းလင်းပွဲကနေ တရားဝင်ထုတ်ဖော်ကြေညာလိုက်တယ်။ အခု NCA စာချုပ်ကို ဖက်တွယ်နေတဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော KNU အနေနဲ့ ဘာများတိုက်တွန်း ပြောကြားချင်ပါလဲ။

ဖြေ။ ။ NCA ကတော့ ကျွန်တော်တို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ ပျက်ပြယ်သွားပြီလို့ ကျွန်တော်တို့ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ခေါင်းဆောင်တွေကိုယ်၌က အသိပေးပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကိုတော့ ကျွန်တော်တို့ ပြောကြားလိုတာကတော့ စောင့်ကြည့် နေတယ်ဆိုတဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားပြီဆိုတာကိုတော့ ကျွန်တော်အနေနဲ့ အသိပေး ပြောကြား လိုပါတယ်။ ဒီစောင့်ကြည့်နေတဲ့ အတိုင်းအတာ ကျော်လွန်သွားတာနဲ့အမျှ ကျွန်တော်တို့ ပြတ်ပြတ်သားသား စစ်အာဏာရှင်ဘက်ကို ဆက်လက်ပြီးတော့ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်၊

ကျွန်တော်တို့ရဲ့သဘောထားကတော့ ဒီစောင့်ကြည့်နေတဲ့ကာလ ကျော်လွန်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာပြီ ဆိုတာကိုတော့ ကျွန်တော်တို့က အသိပေး ပြောကြားချင်တာပေါ့နော်။ စကစရဲ့ အခြေအနေကလည်း တော်တော်လေးယိမ်းယိုင်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုက တိုးပြီး လုပ်ဆောင်လာနိုင်တဲ့အချိန်မှာ သူတို့အနေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေကို မပြုလုပ်သင့်တော့ဘူးလို့ အဓိကပြောချင်ပါတယ်။

မေး။ ။ KNU ရဲ့ “၁၇” ကြိမ်မြောက် ညီလာခံအပြီး ရက်တစ်ရာပြည့် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ KNU ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး စတဲ့ အရေးတွေမှာ ဘာတွေက ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်ဖြစ်လာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ “၁၇” ကြိမ်မြောက်ညီလာခံအပြီးပေါ့နော်၊ ရက်တစ်ရာပြည့် လုပ်ဆောင်ချက်အနေနဲ့၊ အထူးသဖြင့် ရက်တစ်ရာပြည့်မှာ ဘာတွေထူးထူးခြားခြား ပြင်ဆင်ထားလဲဆိုတာ အဓိက ပြောချင်တာ ဖြစ်ပါတယ်။ ရက်တစ်ရာပြည့်နောက်ပိုင်း ရှေ့ဆက် ဘာတွေလုပ်ဆောင်ဖို့ဆိုတာလည်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေရဲ့ အဓိကလုပ်ဆောင်ရမယ့် အပိုင်းတွေမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ စစ်ရေးအပိုင်းတို့ကို အဓိက လုပ်ဆောင်သင့်တယ်။ ဘာကြောင့်လဲဆိုရင် လက်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေအရဆိုရင် စစ်အာဏာရှင် မရှိတော့ဖို့အတွက် ပြုတ်ကျဖို့အတွက် အဓိက ဆောင်ရွက်ရမယ်ဖြစ်တဲ့အပေါ်မှာ ဒီလုပ်ငန်းစဉ်ကြီး ၃ ခုကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အခုလည်း ပြင်ဆင်မှုတွေ ရှိနေချိန်မှာ အကောင်အထည်ဖော်ဖို့ ကြိုးစား နေပါတယ်။ နိုင်ငံရေး၊ လူမှုရေးနဲ့ စစ်ရေးတို့မှာ တိုးတက်ပြောင်းလဲမှုတွေ တွေ့နေရပါတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ စစ်ရေးအရဆိုရင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခြေကုတ်စခန်းဖြစ်တဲ့ လက်ခတ်တောင်ကုန်းကို KNLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်းပိုက်ထားတာ တစ်လနီးပါး ရှိနေပါပြီ။ စစ်ကောင်စီကလည်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ပြန်ပြီး တိုက်ခိုက်နေတာ တွေ့ရပါတယ်။ စစ်ရေးပိုင်းအခြေအနေ ဘယ်လိုများ ပြောချင်ပါလဲဗျ။

ဖြေ။ ။ စစ်ရေးပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ခေါင်းဆောင်တွေ တင်ပြခဲ့သလိုပဲ စကစဘက်က တော်တော်လေး အင်အားယုတ်လျော့ နေတာကို တွေ့ရသလို မြေပြင်အနေအထားမှာလည်း သူတို့ရဲ့တပ်တွေ ကျဆုံးမှုတွေ များလာတာကို သိရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ စကစကတော့ စစ်ရေးပိုင်းမှာ တော်တော်လေးချိနဲ့နေတာ တွေ့ရပါတယ်။ လတ်တလောအနေအထားအရ လက်ခတ်တောင်မှာလည်း သူတို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ကြုံတွေ့နေရပါတယ်။ ထိုးစစ်ဆင်နေရင်း သူတို့အကျအဆုံး များနေတာကို တွေ့ရပါတယ်။

မေး။ ။ ပြည်ပရောက်ကရင်လူမျိုးတချို့က ထောက်ပြနေကြတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက တရုတ်မြို့သစ် စီမံကိန်းရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေတာတွေကို ဘယ်လိုများဖြေရှင်းချင်ပါလဲဗျ။

ဖြေ – တရုတ်မြို့သစ်စီမံကိန်းတွေအတွက် တချို့သော ကရင်အမျိုးသားတွေ အထင်အမြင်တွေမှာပေါ့နော်။ ကျွန်တော်တို့ စတင် ကိုင်တွယ်စစ်ဆေးမှုတွေ လုပ်နေပါပြီ။ စုံစမ်းစစ်ဆေးမှုမရှိဘဲ ဘာကိုမှ အတိအကျ မပြောနိုင်သေးပါဘူးဗျ။

မေး – ဟုတ်ကဲ့။ ဆရာစောကလယ်စေး ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဗျ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here