ဗန်းမောက်မြို့သို့ ကုန်စည်များ ပြန်ဝင်ရောက်လာပြီဖြစ်

0
153
ပုံစာ - ဗန်းမောက်မြို့သို့ ကုန်စည်များ ပြန်ဝင်ရောက်ပြီ။

စစ်ကိုင်းတိုင်း အင်းတော်-ဗန်းမောက်လမ်းပိုင်း ပြန်လည်သွားလာလို့ရပြီး ဗန်းမောက်မြို့သို့ ကုန်စည်များ ပြန်ဝင်ရောက်နေပြီ ဖြစ်သည်ဟု ဗန်းမောက်မြို့ခံများက ပြောသည်။

ဗန်းမောက်မြို့ခံတစ်ဦးက “လမ်းပွင့်တာတော့ သုံးလေးရက် ရှိပြီ။ ဖျက်ထားတဲ့ လမ်းတွေကို ကွင်းပြီးသွားရတာ ဆိုတော့ ကားကြီးတွေတော့ သွားလို့ မရသေးဘူးပေါ့ ။ Light truck ကားတွေတော့ သွားလို့ရတယ်” ဟု ဆိုသည်။

အင်းတော် – ဗန်းမောက် လမ်းပိုင်း ပိတ်သွားပြီးနောက်ပိုင်း ကုန်ပစ္စည်းစျေးများ အဆမတန် မြင့်တက် သွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လ အတွင်းက ဗန်းမောက် – အင်းတော် လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က စစ်ကောင်စီတပ်များထံသို့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက် သည့်အနေဖြင့် လမ်းနှင့်တံတား တချို့ကို ဖျက်ဆီးခဲ့ပြီး သွားလာခွင့်ပိတ်ထားခဲ့သဖြင့် ကုန်စည်ဝင်ရောက်မှု ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

“လုံးလုံးရပ်သွားတာတော့ မဟုတ်ဘူး။ ဆိုင်ကယ်တွေနဲ့ တောလမ်းတွေကနေ ပြန်ဝင်နေတာဆိုတော့ စျေးတွေ များသွားတာပေါ့။ ပစ္စည်းတွေလည်း ရှားသွားတာပေါ့။ အခုကတော့ ကုန်ပစ္စည်းတော်တော်များများ ဝင်နေပါပြီ။ လမ်းမှာ ဂိတ်တွေ မရှိတော့ကတည်းက ကုန်ကားတွေ ဝင်လာတော့တာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လမ်းပြန်ပွင့်သွားသော်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သေးသဖြင့် အချိန်မရွေး လမ်းကြောင်းများ ပြန်လည် ပိတ်သွား နိုင်သည်ဟုလည်း မြို့ခံများက ပြောသည်။

ကုန်တင်ကားများ ပြန်လည် ဝင်ရောက်နေသော်လည်း ဗန်းမောက်-မန္တလေး လူစီးကားလိုင်းများမှာ ၂၀၂၂ နှစ်လယ် ကတည်းက ပိတ်သွားခဲ့ပြီး ယနေ့အချိန်အထိ ကားလိုင်းများ ပြန်မဖွင့်သေးသဖြင့် အင်းတော်ကနေ တဆင့် သွားလာနေရဆဲဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here