ပလမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၅ ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

0
183
ပုံစာ- ပလတွင် နှစ်ရက်အတွင်း အရပ်သား ၅ ဦး ကျည်ထိမှန်။

တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ ပလမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ဒေသခံ အရပ်သား ၅ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က ပလမြို့ဆိုင်းဘုတ် အနီးတွင် ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဒေသခံတစ်ဦးက “ပလမြို့ဆိုင်းဘုတ်နားမှာ ထိုင်နေတာ၊ သူတို့က စစ်သားတွေ အဲနားကို လာတာနဲ့ သူတို့က ကြောက်ပြီး ထပြေးတယ်။ အဲမှာ စစ်ကောင်စီတပ်က လိုက်ပစ်လို့ ကျည်ထိမှန် ခဲ့တာလို့” ပြောသည်။

စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးမှာ ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ပေါင်ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းတို့သည် မြိတ်မြို့တွင် ဆေးကုသမှု ခံယူနေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ယင်းအပြင် ဩဂုတ်လ ၁၇ ရက်နေ့ ညက ပလမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံများထံက သိရသည်။

ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များက မြို့ပေါ်က လမ်းသွားလမ်းလာများကို လမ်းဖြတ်ခွင့်မပေးတာ၊ အော်ဟစ်သည့်အပြင် သေနတ်ဖြင့် ပစ်ခတ်တာတွေ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေ၊ အရပ်သား ဖမ်းဆီးခံရမှုတွေ၊ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အင်အားတိုးချဲ့လာနေတာတွေလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here