စွန့်စွန့်စားစား ပံ့ပိုးပေးနေသည့် မြန်မာ့လူမှုကူညီရေးသမားများကို ကုလ ဂုဏ်ပြု

0
140
ပုံစာ - မွတ်ဆလင်ဒုက္ခသည်စခန်းတခုမှ ကလေးသူငယ်များ။ (Photo –DMG)

မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်နေသည့် နေရာများသို့ အသက်အန္တရာယ်ကို ပဓာနမထားပဲ နေ့စဉ်နှင့်အမျှ ကယ်ဆယ်ရေးပစ္စည်းများ စွန့်စွန့်စားစား ပံ့ပိုးပေးနေသည့် လူမှုကူညီရေး သမားများကို ဂုဏ်ပြုကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။

လူမှုကူညီရေးသမားများသည် အကျပ်အတည်းကာလများတွင် အကူအညီ လိုအပ်သူများကို ပံ့ပိုးနိုင်ရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နေသူများဖြစ်ကြောင်း ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့ (World Humanitarian Day) တွင် ချီးကျူးလိုက်ခြင်းဖြစ်သည်။

“ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ လုပ်ငန်းဆောင်ရွက်ရတဲ့ အခြေအနေတွေရှိပေမဲ့ ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်သင့်တဲ့ ရပ်ရွာလူထုတွေဆီ အရေးပါတဲ့ အကူအညီတွေ ရောက်ရှိစေဖို့ မဆုတ်မနစ် ကြိုးကုတ်အားထုတ်တဲ့ မြန်မာနိုင်ငံက လူမှုကရုဏာ လုပ်သားတွေကို ကျွန်တော်တို့ ဂုဏ်ယူစွာနဲ့ အသိအမှတ်ပြုပါတယ်” ဟု UNOCHA က ဆိုသည်။

စစ်ကောင်စီသည် ပြည်တွင်းစစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ် ခံစားနေရသူများကို ကူညီမှုများ အားနည်း နေပြီး နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့များ ဝင်ရောက်ကူညီခွင့်ကိုလည်း ကန့်သတ်ချက်များ ချမှတ်ထားသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC နှင့် နီးစပ်သူတစ်ဦးက “လူသားချင်း စာနာထောက်ထားရေး အကူအညီတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေကတော့ အရင်အတိုင်းပါပဲ။ စာတင်ပြီး ခွင့်ပြုချက်ရတဲ့ နေရာတွေကိုပဲ သွားရတယ်။ ခွင့်ပြုချက်မရတဲ့ နေရာတွေကို မသွားရဘူး။ ကျနော်တို့ ပြောချင်တာကတော့ သက်ဆိုင်ရာအနေနဲ့ အခုထက်ပိုပြီး ကူညီခွင့်ပေးဖို့ မျှော်လင့်တယ်။ ခရီးသွားလာခွင့်တွေ ဖွင့်ပေးပြီးတော့ လမ်းတွေမှာလည်း Chet Point တွေကို လျော့ချပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကို ဆိုးဝါးစွာခံစားခဲ့ရသည့် ရခိုင်ဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုများ ကန့်သတ်ခံထားရ၍ ပြည်သူများမှာ ထိရောက်သည့်အကူအညီများ မရရှိကြပေ။

UNOCHA အကြီးအကဲ Mr. Martin Griffiths သည် ဩဂုတ်လ ၁၆ ရက်နေ့က ရခိုင်သို့ရောက်ရှိလာပြီး ပြည်နယ်စစ်ကောင်စီ၊ ရွှေစေတီဆရာတော်၊ မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံကာ မုန်တိုင်းသင့်ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူမှုကူညီရေးဆောင်ရွက်နေသူ ကျောက်တော်ဒေသခံ ကိုဘိုအောင်သိန်းက “အစိုးရအနေနဲ့ရော NGO၊ INGO၊ CSO တွေအနေနဲ့ ရခိုင်ပြည်သူတွေ ခါးစည်းခံနေရတဲ့ အခက်အခဲတွေကို လူသားချင်း စာနာထောက်ထားတဲ့ အသိအမြင်တွေကို ရှေ့တန်းထားပြီး လူထုအတွက် အမြဲတစေ ပါဝင်ကူညီ ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ရခိုင် မုန်တိုင်းသင့်ပြည်သူများနှင့် စစ်ဘေးရှောင်များမှာ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများ ရှိနေကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အရေးတကြီး လိုအပ်နေကြသည်။

“ မိုခါ မုန်တိုင်းနောက်ပိုင်းမှာ စစ်ဘေးရှောင်တွေရဲ့ဘဝဟာ ဘာမှ မရှိတော့ဘူး။ တာပေါ်လင်စကို ယာယီမိုးပြီးတော့ မိုးရေတွေ စိုစွတ်ပြီး အိပ်ခဲ့ရတယ်။ ထမင်းချက်ဖို့နေရာ မရှိလို့ လမ်းမပေါ်မှာ ချက်စားရတဲ့အထိ ဖြစ်ခဲ့တယ်” ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဒေါ်မရွှေဝင်းက ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်ဦးရေ ၇ သောင်းကျော်မှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၂ သိန်းကျော် ထိခိုက်နစ်နာခဲ့ပြီး လူသားချင်းစာနာမှုအကူအညီများ မျှော်လင့်နေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here