ဘူးသီးတောင်မြို့ မယူတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်ပွားဟု ဒေသခံများပြောဆို

0
182
ပုံစာ - ဘူးသီးတောင်ရှိ မယူတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မယူတောင်ထဲတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ARSA လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်၊ ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ မနေ့က ညနေ ၃ နာရီလောက်မှာ ဖြစ်တာ။ ARSA အဖွဲ့နဲ့ AA နဲ့ ဖြစ်ကြတာ။ နှစ်ဘက်သေနတ်ပစ်သံတော့ ကြားခဲ့ရတယ်။ ဒီနေ့တော့ ပစ်သံတွေ မကြားရဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံး ရှိမရှိကို မသိရသေးသလို ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပါ။

ARSA အဖွဲ့သည် ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်း တချို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောနှင့် ဘူးသီးတောင်ဒေသကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်ကလည်း မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာနှင့် ၂ မိုင် အကွာရှိ “ လဘော်ဝ” အရပ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးသွားလုပ်စဉ် ARSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရ နယ်မြေအပိုင် ဇီးပင်ချောင်းကျေးရွာဟောင်းအနီးတွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ARSA အဖွဲ့ဝင်ငါးဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနှစ်၊ မေလ ၁၂ ရက်၊ နံနက်ကလည်း မောင်တောမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အနီးရှိ နယ်ခြားစောင့်တပ်တစ်ခုကို ARSA အဖွဲ့က လာရောက်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်ရဲ တစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး ARSA ဘက်မှ တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာသား ၂၀ ကျော်ခန့်သည် တောထဲသို့ ဝါးသွားခုတ်သွားစဉ် ARSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here