လူသားချင်းစာနာမှုအကူညီ အလိုအပ်ဆုံးနှင့်ရရှိမှုအနည်းဆုံး ဒေသများထဲ ချင်းပြည်နယ်ပါဝင်

0
193
ပုံစာ- ချင်းဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလတွင် ချင်းပြည်နယ်သည် လူသားချင်းစာနာမှု အကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသများထဲတွင် ပါဝင်နေသည်ဟု Burma News International (BNI) – မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ စာတမ်းမှာ ဖော်ပြထားသည်။

လူသားချင်းစာနာမှုအကူအညီများနှင့် ပတ်သက်၍ “နိုင်ငံတကာအလှူရှင်အစိုးရများအတွက်ပုစ္ဆာ (သို့မဟုတ်) လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” ဆိုသည့် သုတေသနစာတမ်းမိတ်ဆက်ပွဲကို Burma News International(BNI) – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် အွန်လိုင်းက ပြုလုပ်ခဲ့သည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရှောင်ပြည်သူ ၁.၅ သန်း ကျော် ရှိပြီး စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ၆.၆ သိန်း ကျော်နှင့် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသဖြစ်ကြောင်း၊ မကွေးတိုင်းက စစ်ရှောင်ပြည်သူ ၂.၃ သိန်း ကျော်နှင့် ဒုတိယအခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသဖြစ်သည်ဟု အဆိုပါစာတမ်းမှာ ဖော်ပြထားသည်။

ထို့အပြင် ချင်း၊ ကရင်နီ(ကယား)နှင့် ကရင်ပြည်နယ်တို့က တတိယဦးစားပေးအဖြစ် လူသားချင်းစာနာမှု အကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသများ ဖြစ်နေသည်ဟု ယင်းစာတမ်းဖော်ပြချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀န်ကြီးဌာန ဒု၀န်ကြီးဒေါက်တာငိုင်းတမ်မောင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖြတ်လေးဖြတ် နည်းဗျူဟာကြောင့် ယခုကဲ့သို့အခြေအနေရောက်ရှိခြင်း ဖြစ်သည်ဟု ယင်းစာတမ်းထဲတွင် ဖော်ပြထားသည်။

“ရွာအလိုက်ကို မီးရှို့ပစ်လိုက်တာ၊ မီးရှို့တဲ့အခါကျတော့ တစ်နှစ်စာ ရိက္ခာပါသွားတဲ့အပြင် လယ်ယာလုပ်ငန်းမှာ သုံးတဲ့ ကျွဲနွားတွေပါ ဖျက်ဆီးခံရတော့ အမှန်တကယ်ကိုမှ လိုအပ်နေတယ်။ တဖက်မှာလည်း စစ်ကောင်စီက အဲဒီဒေသတွေကို စားနပ်ရိက္ခာ မရောက်နိုင်အောင် ဖြတ်လေးဖြတ်နဲ့ လုပ်နေတဲ့အခါ အဲဒီ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီက အခက်ခဲဆုံး ဖြစ်မယ်” ဟု ဒေါက်တာငိုင်းတမ်မောင်းက ပြောဆိုခဲ့သည်။

အဆိုပါစာတမ်းတွင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့ ကိန်းဂဏန်း အချက်အလက်များ၊ နည်းလမ်းများ ရှာဖွေအကြံပြုထားပြီး နယ်စပ်ဖြတ်ကျော် အကူအညီပေးမှု၏ အရေးပါမှုများ ကိုလည်း ထောက်ပြအကြံပြုထားရာ၌ ထိုင်းနှင့် အိန္ဒိယသည် အလေးထား ချဉ်းကပ်ရမည့် နိုင်ငံများ ဖြစ်သည်ဟု ဆိုသည်။

UNOCHA က ထုတ်ပြန်သည့် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေးအစီအစဉ် (HRP) ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ငါးသိန်းကျော်သော စစ်ဘေးဒုက္ခသည်များ (IDPs) အတွက် တစ်နှစ်လုံးစာ အမေရိ ကန်ဒေါ်လာ ၉ သန်းသာ အသုံးပြုခဲ့ရာ စစ်ဘေးဒုက္ခသည် ပြည်သူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာနှင့် ညီမျှသော ထောက်ပံ့ကူညီမှုသာ ရရှိခဲ့သည်ဟု ယင်းစာတမ်းက ဆိုသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here