စစ်ကောင်စီကပစ်ခတ်လို့ နေအိမ်တွင်ဆန်ပြန်ယူသည့် အသက် ၇၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးသေဆုံး

0
192
ပုံစာ - စစ်ကောင်စီပစ်ခတ်လို့ မိုးဗြဲတွင်နေအိမ်ဆန်ပြန်ယူသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံး။

ကရင်နီ(ကယား) ပြည်၊ မိုးဗြဲမြို့၊ စည်ကား (၁) ရပ်ကွက်ရှိ နေအိမ်သို့ ဆန်ပြန်ယူသည့် ဒေသခံကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အသက် ၇၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မိုးဗြဲမြို့ခံတွေဆီ သိရသည်။

သေဆုံးသူ အဆိုပါ စစ်ရှောင်အမျိုးသမီးသည် မိုးဗြမြို့၌ တိုက်ပွဲများ ဖြစ်ပွားလာစဉ်ကတည်းက စစ်ဘေးရှောင် နေခဲ့ကြပြီး စားစရာ မရှိတော့သည့်အတွက် သမီးဖြစ်သူနဲ့အတူ မိုးဗြဲရှိနေအိမ်တွင် တွန်းလှည်းနဲ့ ဆန်ပြန်သယ်ယူစဉ် ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောဆိုသည်။

“၉ နာရီ ဝန်းကျင်လောက်မှပေါ့နော။ အဲ့ချိန်မှ သူနဲ့သူ့သမီး တူတူပြန်တယ်ပေါ့နော။ ပြန်လို့ရတယ် ဘာမှ မဖြစ်ဘူး ဘယ်သူမှ မရှိဘူး အဲ့လိုပေါ့နော။ အဲ့ဒါ ဆန်ပြန်သယ်မယ်ဆိုပြီး တွန်းလှည်းငယ်လေးနဲ့ပေါ့နော၊ ဆန်သယ်ပြီးမှ ပြန်ထွက်သွားဖို့ပေါ့နော၊ အဲ့ချိန်က သူ့သမီးက အရှေ့ကနေ လှည်းဆွဲတာပေါ့၊ လှည်းငယ်ပေါ့ သူကအနောက်ကနေ လိုက်တွန်းတာပေါ့။ အဲ့ချိန်မှာ ပစ်ခတ်ခံရတာပေါ့၊ သူ့သမီးကတော့ ကံကောင်းစွာနဲ့ မထိဘူး။ ထွက်ပြေး လွတ်မြောက်သွားတယ်။ သူ့အမေကတော့ အဲ့မှာပဲ ပွဲချင်းပြီး ရင်ဘတ်မှာ နှစ်ချက် သုံးချက်ထိတယ်” လို့ အဆိုပါမြို့ခံက ပြောသည်။

မိုးဗြဲမြို့၊ စည်ကား (၁) ရပ်ကွက်တွင် မေလနောက်ဆုံးပတ်ကခစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် စစ်ကောင်စီတပ်က ရပ်ကွက်အတွင်း တပ်စွဲနေရာယူ ထားတယ်လို့ မြို့ခံများ၏ ပြောဆိုမှုအရ သိရပါသည်။

ယင်းသို့ ဆန်ပြန်ယူတဲ့ဒေသခံတွေကို စစ်ကောင်စီက မမေးမမြန်းဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ မြို့ခံများက ပြောသည်။

လက်ရှိအချိန်တွင်လည်း မိုးဗြဲမြို့အတွင်း မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ဒေသခံအများစုက ပြန်လည်နေထိုင်ခြင်း မရှိကြသေးပေမယ့် စားနပ်ရိက္ခာ ပြန်ယူတာ၊ နေအိမ်ပြန်ကြည့်တာမျိုး ရှိနေတယ်လို့ မြို့ခံများထံက သိရသည်။

“အများစုကတော့ ပြန်နေလို့ မရသေးဘူး။ ပြန်နေလို့ရမယ်ဆိုတဲ့ နေရာတချို့ ရှိတယ်။ တချို့ကျတော့လည်း မနေရဲတော့တာ များတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီတခေါက် ပြည်သူတွေထိခိုက်တာ တော်တော်များတဲ့အတွက် ထိတ်လန့်တဲ့စိတ်က ရှောင်တာပေါ့။ အဝေးကြီးကို ရှောင်သွားတာ တချို့ရှိတယ်။ ဘာလို့ဆို မိုးဗြဲအခြေအနေ ကလည်း တိုက်ပွဲက အချိန်မရွေး နေရာမရွေး ဖြစ်နိုင်တယ်။ အမြဲတမ်းလည်း ဖြစ်တော့နော” ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်တချို့၌ စစ်ကောင်စီက တပ်စွဲနေရာယူထားတာ ရှိသလို ပြည်ထောင်စုလမ်းမကြီး တလျှောက်မှာလည်း တပ်စွဲထားတာရှိတယ်လို့ မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့စဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လက်နက်ငယ် ထိမှန်မှုတွေကြောင့် မိုးဗြဲဒေသခံ ၃၀ ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲဒေသခံတွေဆီကနေ သိရှိရသည်။

မိုးဗြဲမြို့၌ လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည့်အတွက် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here