ထားဝယ်တွင် ဒေသခံ ၁ ဦး ပစ်သတ်ခံရပြီး ၅ ဦး ထက်မနည်း ဖမ်းဆီးခံရ

0
160
ပုံစာ - ပစ်သတ်ခံရသည့် ဒေသခံအလောင်းကို မီးရှို့သင်္ဂြိုဟ်ပေးနေစဉ်။ (Photo- The Tanintharyi Times)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်သည် ဒေသခံအရပ်သား ပြည်သူတစ်ဦးကို ပစ်သတ်သွားပြီး ၅ ဦးထက် မနည်းကို ဖမ်းဆီး သွားကြောင်း ဒေသခံများက ပြောသည်။

တပ်အင်အား ၆၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၆ ရက်နေ့ ညပိုင်းတွင် သင်္ကန်းတုံး ကျေးရွာကနေ မြင်းမတ်တပ် ကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က မြင်းမတ်တပ်ရွာသား ဦးဟန်ဝင်းကို နေအိမ်အရှေ့မှာပင် သေနတ်နှင့် အကြောင်းမဲ့ ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဇူလိုင် ၇ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းသည် မြင်းမတ်တပ်ကျေးရွာမှ ရေဝိုင်းကျေးရွာသို့ ချီတက်လာစဉ် လမ်းတလျှောက်ရှိ အရပ်သားပြည်သူ ၅ ဦးထက် မနည်းကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁ ရက်နေ့က စပြီး တင်အင်အား ၂၀၀ နှင့် အရှေ့တောနယ်ဘက်ကို ဝင်ရောက်လာပြီးနောက် စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ရွာစဉ်လှည့်၍ စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် ၂ ရက် ကလည်း စစ်ကောင်စီစစ်ကြောင်းသည် သင်္ကန်းတုံးကျေးရွာအနီးရှိ PDF ပူးပေါင်းတပ်ဖွဲ့၏ ဥသြစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည့်အတွက် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိသွားပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here