တိုက်ပွဲများတွင် ပြည်သူများကို ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ကာကွယ်ခဲ့ကြောင်း စစ်ကောင်စီပြောဆို

0
191
ပုံစာ - စစ်ကောင်စီက ရန်ကုန်မြို့အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များနှင့် ဇူလိုင် ၆ ရက်၌ ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် (ဓါတ်ပုံ - မြန်မာ့အလင်း)

စစ်ကောင်စီက နိုင်ငံအနှံ့တိုက်ပွဲများအတွင်း ပြည်သူများကို ကာကွယ်ရန်အတွက် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျည်းများနှင့် အညီ ထိန်းထိန်းသိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက နိုင်ငံတကာသံတမန်များကို ဇူလိုင်လ ၆ ရက်နေ့က ပြောဆိုလိုက်သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

ပြည်ထောင်စုဝန်ကြီးက ဦးသန်းရွှေက “တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စတင်တိုက်ခိုက်မှု မပြုခြင်း၊ ပြည်သူများအား အကာအကွယ်ပေးရန် ထိန်းထိန်းသိမ်းသိမ်း နှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျည်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်” ဟု ပြောသည်။

စစ်ကောင်စီ၏ ယင်းသို့ ပြောဆိုတင်ပြချက်မှာ လက်တွေ့မြေပြင် ဖြစ်စဉ်များနှင့် လုံးဝကွဲလွဲနေပြီး မဟုတ်မမှန် ဝါဒဖြန့်ချိခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်သူများက ရှုမြင်ကြသည်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “ သူတို့(စစ်ကောင်စီ) ပြောတာတွေက ဝါဒဖြန့်ချိနေတာ ဖြစ်တယ်။ မြေပြင်မှာ ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက်တယ်၊ နောက်ပြီးတော့ အကြောင်းမဲ့ သတ်ဖြတ်တာတွေ ရှိတယ်။ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို ဗုံးကြဲတယ်။ ဒါတွေဟာ အကြမ်းဖက်သူတွေရဲ့လုပ်ရပ် ဖြစ်တယ်။ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခတ်နေတာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတကာစင်မြင့်မှာတော့ ဒီလိုပဲပြောနေကျ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကစ၍ စစ်ကောင်စီတပ်က လူဦး ၅ ဦးထက် မနည်းကို တပြိုင်နက်တည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၄၇ ကြိမ် ရှိခဲ့ပြီး သေဆုံးသူ ၁,၅၉၂ ဦး ရှိကြောင်း ဉာဏ်လမ်းသစ် သုတေသနအဖွဲ့က ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတို့အထဲတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀ ထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးမှု၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူ ၅၀ ဦး သေဆုံးမှု ဖြစ်စဉ်များ ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီး ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ကာ နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့ပြီး ဒေသခံ ၉ ဦးကို သတ်ဖြတ်ခဲ့သည်။

ယင်းဖြစ်စဉ်များကို ထောက်ရှုကြည့်ပါက စစ်ကောင်စီသည် မြေပြင်အခြေအနေတွင် ဒေသခံများအား ကာကွယ်ခြင်း မရှိဘဲ နိုင်ငံတကာ စင်မြင့်ထက်တွင် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေခြင်းဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောဆိုသည်။

“မြေပြင်မှာ နေစဉ်နဲ့အမျှ အိမ်တွေ မီးရှို့တယ်။ ဒေသခံတွေကို မတရား ဖမ်းဆီးတယ်။ ရခိုင်မှာ တိုက်ပွဲဖြစ်တုန်းကလည်း သူတို့ (စစ်ကောင်စီ)က အဲဒီလို လုပ်ခဲ့တာပဲ” ဟု ဦးဖေသန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် ၅,၀၀၀ ကျော် ကျင်းပခဲ့ပြီး အပြီးသတ် ငြိမ်းချမ်းရေးအတွက် အုပ်ချုပ်သူအဆက်ဆက်က ကြိုးပမ်းအားထုတ်ခဲ့ကြောင်း စစ်ကောင်စီက ကြေငြာထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီနှင့် NCA လက်မှတ်ထိုးလက်နက်ကိုင်တပ်ဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည်ဟု ဆိုသည်။

သို့သော်လည်း အပစ်ရပ်ထားသည့် အဖွဲ့များနှင့်သာ ဆွေးနွေးနေခြင်းဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးမှာ ထူးခြားမလာပေ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လူထုအုံကြွမှုဖြစ်လာကာ လက်နက်ကိုင် တပ်ဖွဲ့များမှာလည်း ယခင်ကထက် ပိုများလာပြီး စစ်ကောင်စီတပ်နှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားလျက် ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here