ဟားခါးတွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နေ့တိုင်းနီးပါးလက်နက်ကြီးနဲ့ပစ်ခတ်နေ

0
149
ပုံစာ- ဟာခါးမြို့အဝင်

ချင်းပြည်နယ် ဟားခါးမြို‌ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ လွတ်လပ်ရေးကျောက်တိုင် Khuhsilobo မှနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များ ရှိသည်ဟု ယူဆရသည့် သီမြစ်လွင်ပြင်ဘက်သို့ နေ့တိုင်းနီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

ယခုရက်ထဲ၌ နှစ်လက်တပ်အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီး အလွန်အကျွံ အသုံးပြု ပစ်ခတ်နေကြောင်းနှင့် ဇူလိုင်လ ၇ ရက် တွင်လည်း Khuhsilobo လွတ်လပ်ရေး ကျောက်တိုင်ကနေ သီမြစ်လွင်ပြင်ဖက်ကို လက်နက်ကြီးဖြင့် ၁၀ ချက် ထက် မနည်း ပစ်ခတ်ခဲ့သည်ဟု CDF-Hakha တပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်က ပြောဆိုသည်။

“ဟိုလို နှစ်ဘက်ထိတွေ့ပြီး တိုက်တာမျိုးတော့ မရှိဘူး၊ စစ်သားတွေကတော့ ဟားခါးမြို့ လွတ်လပ်ရေး ကျောက်တိုင် khuhsilobo ကနေ လက်နက်ကြီးတွေ လှမ်းထုတယ်၊ ပြည်သူ့ကာကွယ်ရေးဘက်လဲ သီမြစ်ဘက်က စစ်သားတွေ စခန်းကို drone နဲ့ ပစ်တယ်။ အဲလို အပြန်အလှန်ပစ်ကြတာ ရှိတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ပုံစာ – ဟာခါးမြို့မြင်ကွင်း

လက်ရှိတွင် မြေပြင်၌ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း သီမြစ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ဒုန်းဖြင့်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။

ပြီခဲ့သည့် ဇူလိုင် ၃ ရက်က စစ်ကောင်စီတပ်ဖွဲ့က ဟားခါး – ထန်တလန်ကြား သီမြစ်လွင်ပြင်အနီး သီတာရွာသို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီးနောက် သီမြစ်အနီးတဝိုက်တွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် မေလကုန်ပိုင်းက စတင်၍ ထန်တလန်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ဟားခါးမြို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းကို စေလွတ်ခဲ့ပြီး ယခုချိန်ထိ ထန်တလန် မြို့ဘက်သို့ မရောက်နိုင်သေးဘဲ ဟားခါး-ထန်တလန်ကြား သီးမြစ်လွင်ပြင်အနီးတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here