“ကျွန်တော်တို့ရဲ့ ကာလအခြေအနေအရပေါ့နော့၊ ရှင်းရှင်းပြောရင် တဖက်က ပြန်ကြည့်မယ်ဆိုရင် ဒီကာလက တော်လှန်ရေးက အရေးကြီးဆုံး၊ တော်လှန်ရေး အောင်နိုင်ဖို့ လိုအပ်တဲ့ကာလ ဖြစ်တယ်၊” မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်

0
238

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နှင့် အမေးအဖြေ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ အသက် ၁၆ နှစ် ကနေ အသက် ၃၅ နှစ် အတွင်း လူငယ်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း/ပြည်ပ ထွက်ခွာခွင့် မပြုတော့ဘူးလို့ CDF-Mindat က ဇွန်လ ၁၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

မင်းတပ်မြို့ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်စွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။

CDF – Mindat အနေနဲ့ ဘာကြောင့် လူငယ်တွေကို ပြည်တွင်း/ပြည်ပ ထွက်ခွါခွင့် မပြုတော့တာပါလဲ။ လက်ရှိ CDF-Mindat ရဲ့ စစ်ရေး အခြေအနေကရော ဘယ်လို အနေအထား ရှိနေပါလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်ဘက်က စစ်ရေးအခြေအနေ အရင်ရှင်းပြလို့ရမလား။

ဖြေ။ ။ တောင်ပိုင်းဘက်ပြောရမယ်ဆိုရင် မတူပီဘက်မှာတော့ ဟိုတလောက စစ်ကြောင်းတွေရှိတာ ပြန်ဆုတ်သွားပြီ။ မင်းတပ်နယ်ဘက်မှာတော့ တိုက်ပွဲက မရှိဘူး။ မင်းတပ်မြို့ပေါ်မှာတော့ မေလနဲ့ ဇွန်လ ကြားထဲ ၁၀ ကြိမ် ကျော်ကျော်တော့ မြို့ပြပြောက်ကျားပုံစံ ပစ်ခတ်နေတာ ရှိတယ်။ လောလောဆယ် တိုက်ပွဲဆိုလို့ ပေါက် ဘက်ကနေ ကျောက်ထုဘက် ကို လာနေတဲ့ စစ်ကား ၁၀ စီး ပေါ့နော် အဲ့ဒါတခုတော့ ရှိတယ်။ မနေ့တနေ့က စထွက်လာတာ ၃ ရက် ရှိပြီ၊ အခုထိ ကျောက်ထု မရောက်သေးဘူး။ စစ်ရေးတင်းမာနေတဲ့ သဘောရှိတယ် ၊ တိုက်ပွဲဖြစ်လာနိုင်တဲ့ သဘောရှိတယ်၊ မင်းတပ်မြို့ပေါ်မှာတော့ ၁၇ ရက်နေ့ တကြိမ်၊ ၁၉ ရက်နေ့ တကြိမ်တော့ ဖြစ်နေတယ်၊ ကာကွယ်ရေး ရဲဘော်တဦးကတော့ အသေးစား ဒဏ်ရာရတယ်၊ စကစ ဘက်ကတော့ ၁၇ ရက်နေ့က ၁ ဦး၊ ၁၉ ရက်နေ့ က ၁ ဦး သေဆုံးတယ်လို့ ခန့်မှန်းရတယ်။ ရှေ့ပိုင်းကတော့ ပစ်ခတ်မူမှာ ထိခိုက်မှု သေဆုံးမှုတွေတော့ မသိရဘူး၊ အတည်ပြုချက် မရနိုင်ဘူး။

မေး။ ။ မင်းတပ်မြို့နယ်မှာ CDF-Mindat ရဲ့ စစ်ရေးထိန်းချုပ်မှုက ဘယ်လောက်ရှိပြီလို့ ပြောလို့ရလဲ။

ဖြေ။ ။ စစ်ရေးထိန်းချုပ်မှုဆိုရင် စကစတွေက မင်းတပ်မြို့ပေါ် (၄) ရပ်ကွက်မှာတောင်မှ သိပ်မနေနိုင်တော့ဘူး။ လူငယ်တွေက မြို့ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ စိမ့်ဝင်စီးဆင်းနေတာ ရှိတယ်ပေါ့။ ဒါကြောင့် မြို့ပေါ်မှာ ဇွန်လ၊ မေလ (၂) လ အတွင်းမှာကို တိုက်ပွဲက ၁၀ ကြိမ်ကျော် ၁၅ ကြိမ် နီးပါး ဖြစ်ကြတာကိုး။ လူငယ်တွေက မြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ ပုံစံအမျိုးမျိုးနဲ့ နေရာယူတာ ရှိတယ်ပေါ့နော်၊ ပြီးတော့မှ တိုက်ပွဲတွေ မကြာခဏ ဖော်ဆောင်နေတာမျိုး ရှိတယ်။ ဆိုတော့ မြို့ပေါ်တောင်မှ သူတို့က မထိန်းချုပ်နိုင်တဲ့ သဘောမျိုးတော့ ဖြစ်လာပြီ။

Photo – CDF/Mindat

မေး။ ။ CDF-Mindat ရဲ့ ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ မင်းတပ်မြို့နယ်အတွင်းက ချင်းလူငယ်တွေ ပြည်တွင်းပြည်ပကို CDF-Mindat ရဲ့ ခွင့်ပြုချက်မပါဘဲ ထွက်ခွာခွင့် မပြုတော့ဘူးဆိုပြီး အသိပေး ထုတ်ပြန်တာ တွေ့ရပါတယ်။ ဘာကြောင့် အခုလို ထုတ်ပြန်ရတာပါလဲ။

ဖြေ။ ။ အားလုံးပါဝင်ရတဲ့ တော်လှန်ရေးဖြစ်တယ်။ လူငယ်တွေ မလေးရှားဘက်သော်လည်းကောင်း၊ ရန်ကုန်၊ မန္တလေး ဘက် ထွက်သွားတယ်ပေါ့နော့၊ အဓိက သူတို့က စိုးရိမ်ကြတယ်ပေါ့လေ စိုးရိမ်တာရော ပြီးတော့ အနာဂတ်အတွက်ဆိုတဲ့ ပုံစံမျိုးနဲ့ ထွက်သွားတာပေါ့နော်။ အခုက မြို့ပေါ်က ကလေးတွေ နယ်ဘက် ကလေးတွေက တနေ့တနေ့ကို အယောက် ၄၀၊ အယောက် ၁၀၀ နီးပါးပေါ့၊ အစုလိုက် အပြုံလိုက်ကြီး သူတို့ သွားနေတယ်။

ရပ်ထဲရွာထဲမှာ လိုအပ်တဲ့ ရပ်ရွာအကျိုးပြုတဲ့ လုပ်ငန်းတွေကအစ မိဘတွေကို ကူညီစောင့်ရှောက်မှုက အစ ရပ်ရွာအကျိုးပြုတဲ့ လုပ်ငန်းလုပ်ဖို့၊ လိုအပ်တဲ့ဟာတွေ လုပ်ဖို့ဆိုရင် လူဦးရေက မရှိတော့မှာပေါ့နော်။ ဒေသအတွင်းမှာတော့ ရပ်ရွာအကျိုး၊ ဒေသအကျိုး တော်လှန်ရေးမှာ ပါဝင်ဖို့ လိုသေးတာကိုး၊ လူငယ်အချင်းချင်းမှာတောင်ပဲ သူတို့ သက်တူရွယ်တူတွေ အကုန်လုံးက တော်လှန်ရေးမှာ ပါဝင်နေကြတယ်။

သူတို့က ရန်ကုန်မှာ သွားမယ်၊ ပြည်ပ သွားမယ်၊ ကိုယ့်ဘာသာကိုယ် စီးပွားရေးလုပ်မယ်၊ တော်လှန်ရေးကိုလည်းပဲ ပါဝင်ခြင်း၊ ထည့်ဝင်ခြင်း မရှိဘူး။ တော်လှန်ရေး ကောင်းသွားမှ အနိုင်ရသွားမှ သူများပင်ပင်ပန်းပန်း လုပ်ထားတဲ့ အသက်စွန့်ပြီး သွေးချွေးနဲ့ လုပ်ထားတဲ့ဟာကို ပြီးမှပဲ အဆင့်သင့် ခူးစားမယ်ဆိုတဲ့ ပုံစံ၊ နိုင်ငံကို တည်ဆောက်မယ့်အချိန် လမ်းဖောက်တဲ့ အချိန်၊ လုပ်အားနဲ့ ပါဝင်ရမယ့် အချိန်မှာ မပါဝင်ဘဲနဲ့ တနေရာကို ဘေးထွက်ရှောင်နေမယ် အဲ့လိုမျိုး မဖြစ်အောင်ပေါ့။ ကျွန်တော်တို့ ပိတ်တယ်ဆိုပေမယ့် ကျွန်တော်တို့က နာရေးသာရေး အကုန်လုံး တိုင်ပင်ပြီးမှ ခွင့်ပြုလို့ ရပါတယ်။

မေး။ ။ လူငယ်တွေ ပြည်တွင်းပြည်ပ ထွက်ခွာတာ ပိုများလာတယ်လို့ CDF-Mindat ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒါ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာ လူအမျိုးမျိုး ရှိတယ်လေ၊ တော်လှန်ရေးကို တစိုက်မတ်မတ်နဲ့ ပါဝင်တဲ့ လူငယ်တွေ ရှိတယ်၊ တော်လှန်ရေးစိတ် ရှိသော်ငြားလည်း အတိမ်းအစောင်း မခံချင်တဲ့ လူငယ်တွေ ရှိတယ်၊ တချို့က တော်လှန်ရေး လုံးဝ မပါဝင်ဘဲနဲ့ လုံးဝ စိတ်မဝင်စားတဲ့ လူငယ်တွေလည်း ရှိတယ်။ တော်လှန်ရေး လုပ်တဲ့ လူငယ်ကလည်းပဲ တော်လှန်ရေး လုပ်တယ်ဆိုတာ သူတို့တယောက်ထဲ အတွက်ပဲ မဟုတ်ဘူးလေ။

အခု လက်ရှိနေတဲ့လူတွေအကုန်လုံးအတွက် နောက်ကျရင် မွေးဖွာလာမယ့် ကလေးတွေ၊ လူတွေအားလုံးအတွက်ပါ တကယ့်ကိုလုပ်နေကြတာပဲ အသက်သွေးပေးပြီးမှ လုပ်နေကြတာကိုး။ နယ်တွေဘက်မှာ တည်ငြိမ်အေးချမ်းတာ ကြာပြီကိုး၊ စိုးမိုးနယ်မြေ တော်တော်များများ ရထားတော့ တည်ငြိမ်အေးချမ်းတာကို နေသားကျသွားပြီးမှ ငြီးငွေ့လာတဲ့စိတ် တခုတည်းနဲ့ ပင်ပန်းတဲ့သူက ပင်ပန်းတယ်။

အသက်သွေးချွေး ပေးနေရတဲ့သူကို မသိဘဲနဲ့၊ ဒီမှာ တော်လှန်ရေးအတွက်က အားလုံးအတွက် လုပ်တယ်၊ အားလုံးပါဝင်ဖို့ လုပ်တဲ့အချိန်မှာ ကိုယ့်က ကိုယ့်အတွက် ကိုယ့်မိသားစု အတွက် ကြည့်ပြီးမှ အဆင်ပြေရာ သွားပြောင်းနေတယ်။ တချို့တွေက အလုပ်သွားလုပ်မယ်၊ ပညာသွားရှာမယ် ဆိုတာက နောင်တချိန်ကျရင် အဖွဲ့အစည်းအတွက် အကျိုးရှိနိုင်တာပဲ၊ တချို့ အလုပ်သွားလုပ်ရင်းနဲ့ ရလာတဲ့ ဝင်ငွေတွေကို တော်လှန်ရေးကို ပါဝင်လှူဒါန်းမယ့် သူတွေလည်းရှိမှာပဲ။

ကျွန်တော်တို့က တယောက်ချင်းစီကို အသေအချာ စစ်ဆေးဖို့ ၊မေးမြန်းဖို့လည်း အခြေအနေ မပေးဘူးလေ။ အခုသွားနေတာက အယောက် ၄၀၊ ၆၀ ၊၁၀၀ လောက် ရှိတယ်လို့ အကြောင်း ကြားလာတာကိုး။ ကျွန်တော်တို့ဒေသရဲ့ ရပ်တည်မှု အပိုင်း၊ လှုပ်ရှားမှု အပိုင်း၊ ရပ်ရွာ ဆေးခန်း ဆောက်မယ်၊ ကျောင်းပြင်မယ်ဆိုရင် ရပ်ထဲရွာထဲမှာ အဖိုးကြီး၊ အဖွားကြီး ကလေးတွေပဲ ကျန်ခဲ့တဲ့အခါ ရပ်ထဲရွာထဲက ကိစ္စက အဆင်မပြေဘူး၊ အဲ့တာကြောင့်ပါ။

မေး။ ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ကလည်း ဆိုးသထက်ဆိုးလာတယ်၊ စီးပွားရေးကအစ ပိုမိုခက်ခဲလာကြတော့ လူငယ်တွေလည်း မြန်မာနိုင်ငံမှာ နေတာထက်စာရင် ပြည်ပကိုထွက်ပြီး ပညာသင်ကြသလို အလုပ်လုပ်ကြတာလည်း ရှိတယ်။ ဒီလိုကန့်သတ်လိုက်တာက သဘာဝကျပါရဲ့လား၊ သူတို့ရဲ့အခွင့်အရေး ရွေးချယ်မှုကို ပိတ်ပင်ထားသလို ဖြစ်မနေဘူးလား။

ဖြေ။ ။ ဒါကတော့ ရှင်းပါတယ်။ လုံးဝ ပိတ်ပင်ထားတာပါပဲ၊ ပိတ်ပင်ထားသလို မဟုတ်ဘဲနဲ့ အပြီးအစီးကို ပိတ်ပင်တဲ့ သဘောပေါ့နော။ ကျွန်တော်တို့ရဲ့ ကာလအခြေအနေအရပေါ့နော့၊ ရှင်းရှင်းပြောရင် တဖက်က ပြန်ကြည့်မယ်ဆိုရင် ဒီကာလက တော်လှန်ရေးက အရေးကြီးဆုံး၊ တော်လှန်ရေး အောင်နိုင်ဖို့ လိုအပ်တဲ့ကာလ ဖြစ်တယ်၊ အရင်ကလို ပြည်တွင်းရေး ငြိမ်းချမ်းတဲ့ ကာလဆိုရင် ကိုယ့်မိသားစုရဲ့စားဝတ်နေရေး အကုန်လုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြရုံပဲလေ။

ဒါမကောင်းမူ့လည်း မဟုတ်ဘူး ရာဇဝတ်လည်း မဟုတ်ဘူး။ ဒါ ဝင်စွက်ဖက်စရာမလိုတဲ့ ကိစ္စပါ။ ဒါပေမယ့် အခုက အရင်ကာလနဲ့ မတူဘူးလေ၊ တော်လှန်ရေးက အရေးကြီးတယ်လေ။ တော်လှန်ရေး မအောင်မြင်ဘူး ဖြစ်သွားတဲ့အခါကျရင် ဒီချိန်ထက် ပိုဆိုးလာမယ်။ စားဝတ်နေရေးက အစ ဆိုးရွား သွားမယ်လေ။ အဲ့ဒါကိုလည်း ကျွန်တော်တို့က ထည့်တွက်ရတာကိုး။ လူ့အခွင့်အရေး အပြည့်အဝ လေးစားလိုက်နာပြီးမှ လုပ်ဖို့ အခြေအနေမပေးသေးဘူး။

အစုလိုက်အပြုံလိုက်ကြီး ထွက်သွားတော့ အကုန်လုံးကို ထိခိုက်တဲ့ပုံစံ ဖြစ်တာပေါ့လေ။ တော်လှန်ရေးမှာ အသက်ပေးတဲ့ လူငယ်တွေ အကုန်လုံးက ၅၀၊ ၆၀ နီးပါး ရှိသွားပြီ၊ ပြည်သူလည်း ထိခိုက်သေဆုံးတာ အများကြီး ရှိတယ်ပေါ့လေ။ ဒီလူငယ်တွေက သူတို့ရဲ့သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ အကုန်လုံးက ကျောင်းသွားတက်လိုက်၊ မြို့ကြီးပြကြီးမှာ သွားလိုက်လာလိုက် ပျော်ပါးနေပြီးမှ သူတို့ပဲ တောထဲတောင်ထဲ မိုးထဲလေထဲ ရုန်းကန်တိုက်ပွဲ ဝင်နေရတာပေါ့နော်။

“၃” နှစ် ကြာပြီ သူငယ်ချင်းတွေ အကုန်လုံးက ရိုးရိုးတန်းပြောရရင် ရှေ့တန်းကို ပင်ပင်ပန်းပန်းနဲ့ ရှေ့တန်းတိုက်ပြီးမှ ဒဏ်ရာရသူနဲ့ သေကြေတဲ့သူနဲ့ ပြန်လာတဲ့အခါကျတော့ သူတို့သူငယ်ချင်းတွေက ရပ်ထဲရွာထဲမှာ ဘောလုံးကန်နေတဲ့သူတွေ ခုန်ပေါက်ကာ အေးဆေးနေတဲ့သူတွေလည်း ရှိတာကိုး၊ အဲ့အချိန်ကျရင် ကာကွယ်ရေးရဲဘော်တွေရဲ့ စိတ်ထဲမှာ တကယ့်စိတ်ပိုင်းဆိုင်ရာ မကျေနပ်မှုတွေ ရှိတာကိုး၊ အဲ့ဒါက တော်လှန်ရေးကို အနည်းနဲ့အများ ထိခိုက်တယ်လေ။

Photo – CDF/Mindat

မေး။ ။ လူငယ်တွေကို ပြည်တွင်းပြည်ပ မထွက်ကြဖို့ ကန့်သတ်လိုက်တော့ သူတို့ ဘာလုပ်ကြမလဲ၊ တခြား ဘာရွေးချယ်စရာရှိလဲ ခုအခြေအနေမှာပေါ့လေ။

ဖြေ။ ။ လုပ်စရာတော့ အများကြီးရှိပါတယ်။ တချို့လူငယ်လေးတွေ ဒီမှာ ကျောင်းတက်လို့ ရတယ်။ ပြီးတော့ လူငယ်တွေလည်း လုပ်နိုင်တာက ကိုယ့်မိသားစုကို ရှာဖွေကျွေးမွေးတာမျိုး၊ ရပ်ရေးရွာရေး လုပ်စရာ ရှိတယ်။ တော်လှန်ရေး လုပ်စရာရှိတယ်၊ လုပ်စရာတော့ များပါတယ်။ ပုံနေတာပါပဲ ရန်ကုန်၊ မန္တလေး၊ နိုင်ငံခြားသွားမှ စားစရာရှိတာမျိုး မဟုတ်ပါဘူး၊ တော်လှန်ရေးမှာ ပါဝင်စရာတွေ အများကြီး ရှိပါတယ်။ တော်လှန်ရေးမှာ မပါဝင်နိုင်ဘူးဆိုရင်လည်း ရပ်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး အတွက် ပြီးတော့ တောင်ပေါ်မှာက မင်းတပ်မှာ လူတစ်ယောက်အနေနဲ့ ဘာတောင်ယာမှ လယ်မြေမှ မရှိရင်တောင်မှ တနေ့တနေ့ “ဝ”ဥ တူးဖို့၊ အဌားလိုက်ရင်တောင်မှ အနည်းဆုံး (၅၀၀၀) ရတယ်။

တကယ့်တကယ် ခက်ခဲတဲ့ ၂၀၂၁-၂၀၂၂ တုန်းကပဲ တအားခက်ခဲတာ၊ အခုက စစ်ကြောင်းလည်း မရှိဘူး။ တိုက်ပွဲလည်း မင်းတပ်မြို့နယ် အတွင်းမှာ လုံးဝ မရှိတော့ဘူး ဆိုတော့ ဥပမာ- မင်းတပ်မြို့တွင်းက သူတွေဆိုရင် ကျွန်တော်တို့ရဲ့ CDF ဂိတ်ကို ဖြတ်ရ တာလေ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကနေ အောက်ပြည်အောက်ရွာ သွားမယ်ဆိုရင် CDF ဂိတ်ကို ဖြတ်တယ်ဆိုတော့ လွတ်လွတ်လပ်လပ် သွားလို့ရတယ်လေ။ ဒီအခြေအနေရောက်လာဖို့ ရဲဘော်တွေ အသက်ပေးပြီး တိုက်ခိုက်တာကိုး။

မေး။ ။ လူငယ်တွေကို ပြည်တွင်း/ပြည်ပ မထွက်ဖို့ ခုလို ကန့်သတ်လိုက်တော့ရော တော်လှန်ရေး အတွက် ဒါမဟုတ် CDF-Mindat အတွက် ဘယ်လိုအထောက်အကူတွေ ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ လူငယ်တွေ ပြည်တွင်းပြည်ပ မထွက်ကြဖို့ ဆိုတာက အကုန်လုံးကို CDF -Mindat ထဲ ကို ပါဝင်ဖို့ ပြောတာမဟုတ်ဘူး။ ဒေသရဲ့ပညာရေးမှာ လုပ်စရာ အများကြီးရှိတယ်။ ရွာတိုင်းရွာတိုင်းမှာ ကျန်းမာရေး အများကြီး ပါဝင်လို့ရတယ်၊ ပြီးတော့ ဘာသာရေးမှာ ပါဝင်မလား၊ ကိုယ့်မိသားစုအရေး အတွက် လုပ်မလား အများကြီးရှိတယ်။ CDF -Mindat က စာထုတ်တဲ့ အတွက်ကြောင့် လူငယ်တွေ အကုန်လုံး CDF -Mindat ထဲ ဝင်ရမယ်ဆိုပြီး ပြောနေတာ မဟုတ်ဘူး။

အကုန်လုံးက ကိုယ့်တမိသားစုစာကို တွေးပြီး အခုလို အစုလိုက်အပြုံလိုက် ထွက်သွားတယ်ဆိုရင် CDF အနေနဲ့ ဒီမှာ ကာကွယ်စရာ ပြည်သူတယောက်မှ မရှိတော့ဘူးဆိုရင် CDF က ဘယ်သူ့ကို ဘာလို့ ကာကွယ်ရအုံးမှာလဲ ဆိုတဲ့ ပုံစံပေါ့လေ။ ဆိုတော့ ဒီမှာ CDF ထဲကို ဝင်ဖို့ ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ ကြားကာလမှာ နေတာ ၃ နှစ် ကျော် ပြီကိုး။ ကျေးရွာတိုင်း ကျေးရွာတိုင်းမှာ ကျန်းမာရေးမှာ ကူညီမယ့်သူ၊ ပညာရေးမှာ ကူညီမယ့်သူ၊ ဒီမှာနေပြီးမှ ကိုယ့်မိသားစု စားဝတ်နေရေး လုပ်နေတယ်ဆိုရင်ကို တော်လှန်ရေးကို အနည်းနဲ့အများ အထောက်ကူပြုတာပဲ။ တတ်နိုင်လို့ လှူဒါန်းမယ် ဆိုရင်လည်း ပိုအထောက်အကူပြုတဲ့ ပုံစံလည်း ဖြစ်တာပါ။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ဒီလိုကာလမှာ ဒီစာ ထုတ်တယ်ဆိုတာက ဒီမိုကရေစီ လူ့အခွင့်အရေး မလေးစားတဲ့ပုံစံ ကျတယ်ပေါ့နော့။ သမိုင်းတလျှောက်မှာ အဆိုးဝါးဆုံး အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး တခေတ်ကို ဖြတ်သန်းကြတာကိုး၊ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ မနိုင်နိုင်အောင် တိုက်ဖို့လိုတဲ့အခါ ကျရင် လက်နက်ကိုင် တော်လှန်ရေး ကြားကာလမှာ အဲ့လိုမျိုး အမိန့်လေးတွေ ထုတ်ရတာမျိုး ရှိတာပဲ။ တော်လှန်ရေးနိုင်ဖို့က အရင်ဦးစားပေးရတာပဲ။

ဒီအတိုင်း ဘေးလူတယောက်က ဆိုရင် ဒါက လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာရှင်ဆန်ဆန် လုပ်ရပ်လို့ ထင်မှာပဲလေ။ ကျွန်တော်တို့က အများအကျိုးရှိဖို့၊ တော်လှန်ရေး အကျိုးရှိဖို့ ဆိုရင် တချို့သော လူ့အခွင့်အရေးတွေကို အခွင့်အာဏာနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ရ တာတွေ တချို့ ရှိတယ်။ လိုအပ်ရင် လိုအပ်သလို၊ ပြင်ဆင်ဖို့၊ ဖြေလျော့ဖို့၊ ပြောင်းလဲဖို့က အမြဲတမ်း ရှိပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here