သရက်ချောင်း စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော် နေရပ်မပြန်ရဲ

0
214
ပုံစာ - တိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင် ၅၀၀၀ နေရပ်မပြန်နိုင်ကြသေးပါ (photo-CJ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာခြင်းကြောင့်၂ ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင် ၅၀၀၀ ကျော်သည် လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဇွန် ၈ ရက် က စပြီး သရက်ချောင်းမြို့နယ်ထဲက ကျေးရွာများကို အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ကနက်သီရိ၊ ရငဲ၊ ကမြိုင်၊ ဝဲရစ်၊ ကျွဲမင်းကုန်းအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာ နေရာများနှင့် ဥယျာဉ်ခြံများထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းတို့ထဲက စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်သည် နေရပ်ပြန်သွားကြသော်လည်း ကျန်စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်၏ ကျေးရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်များ ဆက်ရှိနေခြင်းကြောင့် နေရပ်မပြန်ရဲသေးကြောင်း စစ်ရှောင်တချို့က ပြောသည်။

နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ဒေသခံများသည် စစ်ရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ အခြေခံစားနှပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တဖက်တွင်လည်း မိုးရာသီကာလ ကျရောက်လာသည့်အတွက် စစ်ရှောင်ပြည်သူများသည် ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ အအေးမိဖျားနာနှင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိသဖြင့် ဆေးဝါးအကူအညီ လိုအပ်မှုများ ရှိနေကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မေလအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၃၄,၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ဒေသတွင်း အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here