ကိုဗစ်ရောဂါကြောင့် ပိတ်ပင်ထားသည့် ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ရရှိရန် မိသားစုဝင်များတောင်းဆို

0
233
ပုံစာ - အကျဉ်းထောင်ရှေ့တွင် စောင့်မျှော်နေကြသည့် မိသားစုဝင်တချို့

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ထောင်ဒဏ် ကျခံနေရသူများ၊ အချုပ်သားများကို ၂၀၂၁ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားချိန်မှ စတင်ပြီး ၎င်းတို့မိသားစုဝင်များ၏ ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ပင်ထားသည်မှာ နှစ်နှစ်ကျော်အထိ ကြာမြင့်လာသော်လည်း တွေ့ခွင့်မရကြသေးကြောင်း မိသားစုဝင်များက ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်နှင့် ထောင်ဝင်စာတွေ့ရန် သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း အစ်ကိုဖြစ်သူက ကိုမင်းအောင်က ပြောသည်။

“အခုဆိုရင် ထောင်ဝင်စာ တွေ့ခွင့်မရတာ တစ်နှစ်ကျော်ကြာသွားပြီ။ လုံးဝ တွေ့ခွင့် မရဘူး။ ပစ္စည်းတွေ ပို့မယ်ဆိုရင် အဲဒီ (ထောင်) မှာ တာဝန်ကျနေတဲ့သူတွေကို ပေးခဲ့ရတယ်။ ရောက်၊ မရောက်ကိုလည်း မသိရဘူး။ ကျနော်တို့ သွားတွေ့တာ ၅ ကြိမ်လောက် ရှိသွားပြီ။ ပလက်ဝကနေတဆင့် လာရတာဆိုတော့ အခက်အခဲရှိတွေ အများကြီး ရှိပါတယ်” ဟု ကိုမင်းအောင်က ပြောဆိုသည်။

ကိုတင်ထူးအောင်သည် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတခုမှ အလံဖြူထောင်သည့်ကိစ္စကို သတင်းဌာနတစ်ခုတွင် အင်တာဗျူးဖြေဆိုခဲ့သဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကာ နိုင်ငံတော် ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅(က) ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည်။

စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ကျနေသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ (ခ) ကိုအောင်မြင့်နိုင် ကိုလည်း ထောင်ဝင်စာတွေ့ခွင့်မရ၍ မိသားစုက စိုးရိမ်မှုများ ရှိနေသည်ဟု အစ်မဖြစ်သူ မနန်းစိုးကပြောသည်။

“ကျမတို့ ဒီအပတ်(တနင်္လာ)နေ့ကလည်း ထောင်ဝင်စာတွေ့ဖို့ သွားခဲ့တယ်။ မတွေ့ခဲ့ရဘူး။ သူတို့က ကိုဗစ်ကာလကတည်းက ပိတ်ထားတာ။ ကျမ မောင်လေး နေကောင်းရဲ့လား၊ စားဝတ်နေရေးတွေက အဆင်ပြေလား ဆိုပြီးတော့ စိုးရိမ်မှု ရှိတာပေါ့။ သူနဲ့ တစ်ခါလောက်တွေ့ချင်တယ်။ ဒါပေမယ့် တွေ့ခွင့်မရဘူး” ဟု မနန်းစိုးက ဆက်ပြောသည်။

ကိုမင်းဒီပါကို ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့ကို ငွေကြေးထောက်ပံ့မှု၊ လှုံ့ဆော်မှုတို့ ပြုလုပ်သည်ဟုဆို၍ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည) ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထောင်တွင်း အကျဉ်းကျခံနေရသူများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့် ရရှိရေး ကိစ္စများကို စစ်ကောင်စီ ဒု-ခေါင်းဆောင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ မိသားစုဝင်းများက ထောင်ဝင်စာတွေ့ခွင့် မရရှိသေးပါ။

ယခုအချိန်တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု မရှိသလောက် ဖြစ်နေသည့်အတွက် အကျဉ်းသားများကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ပေးသင့်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး ဒေါ်ကြည်ကြည်ဦးက ပြောသည်။

“ကျမ အဖေက မျက်စိနေမကောင်းဖြစ်တဲ့အတွက် ထောင်ဝင်စာတွေ့ခွင့်ပေးဖို့ ကျမတို့က အကြိမ်ကြိမ် တောင်းဆိုပြီးပြီ။ ဒါပေမယ့် အခုချိန်ထိ တွေ့ခွင့်မရဘူး။ အခုအချိန်မှာ ကိုဗစ်ကလည်း မရှိတော့ဘူးဆိုတော့ ကျမအဖေ အပါအဝင် ထောင်ဒဏ်ချမှတ် ခံထားရတဲ့သူတွေ အကုန်လုံးကို ထောင်ဝင်စာတွေ့ခွင့် ပေးစေချင်တယ်” ဟု ဒေါ်ကြည်ကြည်ဦး ပြောဆိုသည်။

ထိုသို့ ထောင်ဝင်စာတွေ့ခွင့် မရသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်မှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

အကျဉ်းသားများကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးသည့်မှာ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ပြီး မိသားစုဝင်များနှင့် အကျဉ်းသားများအတွက် နစ်နာမှုရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုသည်။

ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းက “ဒီလို ထောင်ဝင်စာတွေ့ခွင့်မရတာဟာ အကျဉ်းသားတွေရဲ့ ခံစားခွင့်၊ ရပိုင်ခွင့်တွေ ဆုံးရှုံးတယ်။ မိသားစုတွေအနေနဲ့လည်း နစ်နာမှု ရှိတာပေါ့။ အကျဉ်းကျခံနေရတဲ့ သားတွေ၊ လင်တွေကို တွေ့ခွင့်မရတော့ စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှု ရှိတာပေါ့” ဟု ပြောသည်။

အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းသားတိုင်းသည် ထောင်တွင်း အကျဉ်းကျနေစဉ် ကာလတွင် သင့်လျော်သည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိပိုင်ခွင့်များ ရှိပြီး တပတ်တကြိမ် မိသားစုဝင်များနှင့် ထောင်ဝင်စာ တွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here