ရွှေဘိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ၁ ဦး သေဆုံး ဗိုလ်မှူး အပါအဝင် ၄ ဦး ဒဏ်ရာရ

0
290
Photo- BLACK WOLF - ARMY

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်း လမ်းမပေါ်တွင် စစ်ကောင်စီ ခမရ ၁၂ ယာဉ်တန်း ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကြောင်းနှင့် ဗိုလ်မှူးအပါအဝင် ၄ ဦး ဒဏ်ရာရရှိကြောင်း BLACK WOLF- ARMY အဖွဲ့က ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဇွန်လ ၁၆ ရက် က BLACK WOLF – ARMY နှင့် မဟာမိတ်များဖြစ်သည့် WHO AM I ARMY ၊ တိုက်နယ် ပကဖ (၄) တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနှင့် PDF များအဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

BLACK WOLF- ARMY အဖွဲ့မှ တာဝန်ရှိသူက “နှစ်ခါခွဲတာ နှစ်ခုလုံး ထိခိုက်ဒဏ်ရာရတယ်။ တစ်ယောက်သေတယ်။ ကျောင်းမြောင်း လမ်းမပေါ်မှာဗျ၊ ၃၀ လောက်ပါတဲ့ စကက်ကား တစ်စီးနဲ့ ဟွန်ဒါဖစ်အဖြူ တစ်စီး စကစ က ၇ ယောက်လောက်ပါမယ်။ တစ်ယောက်သေတယ် အတည်ပြုတယ်” ဟု ပြောသည်။

ဇွန်လ ၁၆ ရက် တစ်ရက်တည်းတွင် အဆိုပါ လမ်းမပေါ်၌ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ နံနက် ၆ နာရီခွဲ က ခမရ (၁၂) မှ မောင်းနှင်လာသည့် စစ်ကောင်စီတပ်သား ၃၀ ဦး ခန့်ပါ စကက်ကားသည် ကျောက်မြောင်းလမ်းပိုင်း တနေရာတွင် ရပ်ပြီး ခြေလျင်ဆင်းလျှောက်စဉ် PDF ပူးပေါင်းအဖွဲ့က ပဒေသာမိုင်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ယင်းနေ့ နံနက် ၈ နာရီခွဲခန့်တွင် ရွှေဘို – ကျောက်မြောင်းလမ်းအတိုင်း ခမရ (၁၂) မှ စစ်ကောင်စီတပ်သား ၇ ဉီးခန့် စီးနင်းလိုက်ပါလာသည့် ဟွန်ဒါဖစ်အဖြူ တစ်စီး ထွက်လာသည်ဟု ကြိုတင်သတင်း ရရှိသောကြောင့် မောက်တက်ကျေးရွာအနီးတွင် ပဒေသာမိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် ပူးပေါင်း PDF တပ်ဖွဲ့သည် ယခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ အယောက် ၂၀ ဦးခန့် သေဆုံးကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိအချိန်၌ PDF များသည် စစ်ကောင်စီအား တိုက်ခိုက်နိုင်ရေးတွင် အဓိက လိုအပ်ချက်ဖြစ်သည့် လက်နက်ဝယ်ယူရန် ငွေကြေးများ လိုအပ်နေပြီး၊ ကမ်ပိန်း မဲလက်မှတ်များ ရောင်းချနေသော်လည်း ပြည်သူများဘက်က ဝယ်ယူမှု နည်းလာခြင်း၊ အကူအညီများ ပို၍ နည်းပါးလာသည်ဟု BLACK-WOLF ARMY မှ တာဝန်ရှိသူက ပြောသည်။

“အဖွဲ့ လတ်တလော လိုအပ်ချက်ကတော့ စနိုက်ပါ အကြွေးဆပ်ဖို့ ကမ်ပိန်းတွေ မဲလက်မှတ်တွေ လုပ်နေပေမယ့် လာမဝယ်ကြတာပေါ့။ လက်ရှိမြေပြင်မှာက စကစဘက်က စစ်ကြောင်း ဝင်ရောက်တာတွေ အင်အားဖြည့်တင်းမှုတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

လူထုအား အခြေပြုပြီး လုပ်ရခြင်းဖြစ်သောကြောင့် အားလုံး ဆက်လက်ပါ၀င်ပေးကြရန်နှင့် ရလာသမျှကို အရေးပေါ် လိုအပ်ချက်များနှင့် လက်နက် ဖြည့်တင်းရေးတွင် ရာနှုန်းပြည့် အသုံးပြုသွားမည်ဟု BLACK-WOLF ARMY ၏ တာဝန်ရှိသူက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here