တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများပြင်းထန်လာ

0
158
photo –TPDF

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောနှင့်သမီးလှ ကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကြောင့် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောသည်။

ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၆၁) ပူးပေါင်းစစ်ကြောင်းသည် ဇွန်လ ၁၇ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ပြင်းထန်ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက် တိုက်ပွဲသည် တနေ့ကုန်နီးပါးကြာ ဖြစ်ပွားခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်က ၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းပါ အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက် တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်း (ပကဖ) တာဝန်ရှိသူက ဆက်ပြောသည်။

နှစ်ဘက်တိုက်ပွဲကြောင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်၊ ကျွဲထိန်းကုန်း စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသောဒေသများဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၃၄,၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသအခြေစိုက် သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here