ထားဝယ်သပိတ်ကော်မတီ ဦးဆောင်သူ၏ ဖခင်ကို စစ်ကောင်စီ ဖမ်းဆီး

0
289
ပုံစာ - ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး (photo – CJ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီတပ်က နေအိမ်တွင် လာရောက်ဖမ်းဆီး သွားသည်ဟု သပိတ်ကော်မတီက ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေ အသက် ၆၅ နှစ်ကို ဇွန်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က အင်အား ၃၀ ခန့် ပါဝင်သည့် စစ်ကောင်စီတပ်က ကား ၄ စီး ဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

သပိတ်ကော်မတီဝင် တစ်ဦးက “မဖမ်းခင် အိမ်ထဲမှာ အကုန်မွှေနှောက် ရှာဖွေခဲ့သေးတာ။ ကျောင်းသားသမဂ္ဂ လက်ပတ်အနီတခုနဲ့ အမျိုးသမီးသမဂ္ဂ အင်္ကျီ ၁ ထည် တွေ့သွားတယ်လို့ သိရတယ်။ ပြီးတာနဲ့ ကန်ကြောက်ရိုက်နှက်ပြီး ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့သည့်အပြင် ဖုန်း ၂ လုံးနှင့် ငွေကျပ် ၈ သိန်းကျော်ကိုလည်း ယူဆောင်သွားခဲ့သည်ဟု အဆိုပါ သပိတ်ကော်မတီဝင်က ပြောဆိုသည်။

သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်း အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုများကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ဆုကြေးငွေပေးမည်ဟု မက်လုံးပေး ဖမ်းဝရမ်းထုတ်ပြန်ခြင်း ခံထားရသူလည်း ဖြစ်သည်။

ကိုမင်းလွင်ဦးကို ဖမ်းမမိသည့်အတွက် ဖခင်ဖြစ်သူအား ဓားစာခံအနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းမှာ လူ့အခွင့်ရေးချိုးဖောက်သည့် စစ်ကောင်စီ၏ သူရဲဘောကြောင်သော အကြမ်းဖက် လုပ်ရပ်သာ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသည့် ကိုမင်းလွင်ဦး၏ ဖခင်ကို လောင်းလုံးမြို့၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၁ ခုနှစ်ကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၅ ရက်ခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ထားဝယ်ဒေသတွင် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၏ မိသားစုဝင်များကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခြင်း၊ မိခင်များကို ဖမ်းဆီးထောင်ချခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများနှင့် ချိပ်ပိတ်ခြင်းများ ပြီးခဲ့သည်နှစ်များအတွင်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက PDF တပ်ဖွဲ့ဝင်များ၏ မိဘများ၊ မိသားစုဝင်များကို ပစ်ခတ်သတ်ဖြတ်ခြင်းများကိုပါ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here