စစ်ကောင်စီက ERO များနှင့် တွေ့ဆုံဆွေးနွေးနေသော်လည်း ပြောင်းလဲချင်စိတ်မရှိကြောင်း KNU ပြောဆို

0
346
photo - The Kokang

စစ်ကောင်စီသည် ယခင်အစိုးရအဆက်ဆက်မှ လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ERO များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ နိုင်ငံရေးမူဝါဒအရ ပြောင်းလဲလိုစိတ်မရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ပြောသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဇွန်လ ၁ ရက်နှင့် ၂ ရက်က ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ် ကြားဝင်ပေးမှု ဖြစ်စေကာမူ စစ်ကောင်စီက ၎င်းတို့၏ လိုအပ်ချက်အရ ထိုအဖွဲ့များကို ရွေးချယ် ဆွေးနွေးခဲ့ခြင်း ဖြစ်၍ နိုင်ငံရေးနှင့်စစ်ရေးတွင် ကြီးမားသောအပြောင်းအလဲ မရှိနိုင်သလို စစ်ကောင်စီ၏ နိုင်ငံရေးမူဝါဒ ပြောင်းလဲခြင်းလည်း မရှိနိုင်ကြောင်း ပဒိုကလယ်စေးက ယခုလို သုံးသပ်ပြောဆိုသည်။

“ စစ်ကောင်စီဘက်က အရင်ကတည်းက ကျနော်တို့ ERO နဲ့တွေ့ဆုံဆွေးနွေးတာမျိုး ရှိခဲ့တယ်။ ဒီကိစ္စကြောင့် သေးငယ်တဲ့ အပြောင်းအလဲတော ရှိကောင်းရှိလာနိုင်ပေမယ့် နိုင်ငံရေးပိုင်းမှာတော့ ကြီးကြီးမားမား ပြောင်းလဲမလာနိုင်ဘူး။ ဆွေးနွေးပွဲတွေလုပ်ပြီး ကျနော်တို့ ERO တွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တဲ့ အပေါ်ကိုကြည့်ရင် သူတို့က မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ မူဝါဒကို စွဲကိုင်ထားတုန်းပဲ။ နိုင်ငံရေးကို သူတို့က စိတ်ရင်းစေတနာနဲ့ ပြောင်းလဲချင်စိတ် မရှိဘူးလို့လည်း မြင်မိတယ်” ဟု ၎င်းက ပြောသည်။

ထို့ဆွေးနွေးပွဲနှင့် ပတ်သက်၍ တရုတ်နှင့် ဆက်စပ်မှုရှိသော ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်ရာဒေသများတွင် စစ်ရပ်နား၍ နယ်မြေစိုးမိုးမှု အားနည်းပြီး စစ်ရေးပြင်းထန်နေသော စစ်ကိုင်းတိုင်း၊ ကရင်နှင့် ကရင်နီဒေသများသို့ တပ်အင်အား ထပ်မံဖြည့်တင်းချင်နေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို မဟာမိတ်အဖွဲ့များအနေဖြင့် သိမြင်သော်လည်း တရုတ်ကြားဝင်မှုကြောင့်သာ အတွေ့ပြရသော အခြေအနေဖြစ်ကြောင်း နိုင်ငံရေး သုံးသပ်လေ့လာသူ မွန်ပြည်ဖွံဖြိုးရေးစင်တာ၏ ဒါရိုက်တာဦးနိုင်ဗညားမွန်က ပြောသည်။

“စစ်ကောင်စီက အခုချိန်မှာ တစ်နိုင်ငံလုံးအနေနဲ့ စစ်ရေးအရ ဝိုင်းခံနေရတော့ အချိုအဖွဲ့တွေကို ခွဲတိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ တရုတ်နဲ့ ဒီအဖွဲ့တွေရဲ့ဆက်ဆံရေးကို အသုံးချပြီးတော့ သူ့စစ်တပ်ကို အနားယူခွင့်ရမယ်။ ဒီအဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကို သိပေမယ့် တရုတ်နဲ့ဆက်ဆံနေရတဲ့အခါကျတော့ စေ့စပ်ဆွေးနွေးတဲ့ အနေအထားတော့ မဟုတ်ဘူး။ တွေ့ပြရတဲ့ အခြေအနေလို့ ကျနော်မြင်တယ်” ဟု ၎င်းက ဆိုသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးနောက် ဇွန်လ ၃ ရက်နေ့မှစ၍ စစ်ကောင်စီဘက်မှ MNDAA ၏ တပ်စခန်းများအား ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာသလို ဇွန်လ ၅ ရက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအား MNDAA ပူးပေါင်းတပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီးများသာမက လေကြောင်းဖြင့်ပါ တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ကေအိုင်စီ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here