စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ဒေသခံတစ်ဦး သေ၊ တစ်ဦး ဒဏ်ရာရ

0
192

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် စစ်ကောင်စီ ခလရ ၂၈၅ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိပြီး ဆေးကုသမှု ခံယူနေရသည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၇ ရက် ညနေ ၅ နာရီခန့်က မင်းထိန်ကျေးရွာအတွင်းနှင့် ရွာအပြင် လယ်ကွင်းများ အတွင်းသို့ စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဖိုးချောင်း အသက် ၅၀ နှစ် နှင့် ဒေါ်စီစီ အသက် ၄၀ နှစ် တို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

မင်းထိန်ကျေးရွာသားတစ်ဦးက “ ရွာထဲကျလာတဲ့ တလုံးမှာထိသွားတာ၊ သူတို့ ၂ ယောက်က ဒဏ်ရာ ပြင်းထန်ခဲ့တာ၊ ကျန်တဲ့သူတချို့ ထိတာရှိပေမယ့် ပွန်းပဲ့ရုံလောက်ပဲရှိတာ မစိုးရိမ်ရဘူး” ဟု ပြောသည်။

လက်နက်ကြီးထိမှန်သွားသူ နှစ်ဦးစလုံးကို အရေးပေါ်လူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ချိန် ဆေးရုံအရောက် တွင် ဦးဖိုးချောင်း သေဆုံးသွားပြီး ဒေါ်စီစီက ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယင်းသို့လက်နက်ကြီး ပစ်ခတ်မှုသည့် တိုက်ပွဲမရှိဘဲ မင်းထိန်ရွာဘက်သို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စစ်အာဏာသိမ်းပြီးကတည်းက ပုလောမြို့အနီးရှိ မင်းထိန်ကျေးရွာသည် နှစ်ဘက်တိုက်ပွဲများ လုံးဝ မဖြစ်ပွားသည့် ကျေးရွာတရွာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးအိုများသည် ဘေးလွတ်ရာကို ထွက်ပြေးသွားကြသဖြင့် ကျေးရွာအတွင်း နေထိုင်သူ အနည်းစုသာ ကျန်ခဲ့သည်ဟု ဆိုသည်။

ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ အနီးနားဝန်းကျင်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတော၊ ကဒဲ စသည့် ကျေးရွာများတွင် နေထိုင်ကြသူ ရွာသားအများစုသည် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေး တိမ်းရှောင်နေကြရပြီး တိုက်ပွဲငြိမ်သက်သည့် အချိန်များတွင် ရွာအတွင်း ပြန်လည်နေထိုင်ကြရသည်များ ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်အတွင်း မကြာခဏ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဘက်က မကြာခဏ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ကာ အရပ်သား ထိခိုက်သေဆုံးမှုများ တဖြည်းဖြည်း မြင့်တက်လျက်ရှိနေသည်။

NMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here