တနင်္သာရီမှာ တစ်လအတွင်း အရပ်သား ၄၀၀ ကျော် ဖမ်းဆီးခံရပြီး ၃ ဦး သေဆုံး

0
146
ပုံစာ - ဖမ်းဆီးသတ်ဖြတ်ခံရသူတချိူ့ (photo –CJ)

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်မေလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၃ ဦး သတ်ဖြတ်ခံရကြောင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi က ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ မေလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၄၂၁ ဦးကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးရာတွင် ၃၂၁ ဦး ပြန်လွတ်လာခဲ့ပြီး ၃ ဦးသည် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရလိုက်ရကြောင်းနှင့် ကျန်အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ပုဒ်မအမျိုးမျိုး တပ်ပြီး ဆက်လက်ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ဖမ်းဆီးခံရသူများမှာ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်က ၃၃၃ ဦး၊ ပုလောနှင့် တနင်္သာရီမြို့နယ်က ၈၁ ဦးထက်မနည်း၊ ခမောက်ကြီးနှင့် ဘုတ်ပြင်းမြို့နယ်တွင် ၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

မေလအတွင်း နှစ်ဘက်ပစ်ခတ်မှုများအပြင် တိုက်ပွဲများကြောင့် ပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး ပြည်သူလူထု ၃၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် မိုးရွာကာလကျရောက်လာခြင်းကြောင့် နေရာထိုင်ခင်းနှင့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်နေရပြီး ဆေးဝါးနှင့်အမိုးအကာ မလုံလောက်မှုကို ကြုံတွေ့ရနေကြောင်းလည်း ဖော်ပြထားသည်။

စစ်ရေးတင်းမာနေသည့် တနင်္သာရီတိုင်းတွင် အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုပုံစံ ပြောင်းလဲလာပြီး တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ် စတင်လာပြီး စစ်ကောင်စီဘက်က ခံစစ်သို့ကူးပြောင်း လာကြောင်း FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here