ရေးမြို့၊ နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

0
181

မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး နေအိမ် နှစ်လုံး ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ ၈ ရက် နံနက် ၉ နာရီခန့်က နှစ်ကရင်ကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ် ၃ ချက် ပစ်ဖောက်ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနေဝင်းမြင့်ကို ဖမ်းဆီးခေါ်‌ဆောင် သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းအချိန်အတွင်း နှစ်ကရင်ကျေးရွာနှင့် မော့ကနင်ရွာသစ်ကြားရှိ ဝယ်ဖယ်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီအမြောက်တပ်မှ နှစ်ကရင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆက်ပြောသည်။

ဒေသခံတစ်ဦးက “ မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ၂ လုံး ဆက်တိုက်ပစ်တယ်။ နှစ်ကရင် ကျေးရွာ ရပ်ကွက် ၅ မှာရှိတဲ့ တရုတ်သင်္ချိုင်းအနီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ အတွက် အဲ့ဒီနေရာအနီးမှာ နေထိုင်တဲ့ အသက် ၂၅ နှစ် အရွယ် ရွေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်တဲ့ မတင်ကြီးက လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးသွားတယ်။ နေအိမ် ၂ လုံးက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပျက်ဆီးသွာတယ်” ဟု ပြောသည်။

ယင်းနေ့ နံနက် ၁၀ နာရီဝန်းကျင်ကလည်း တရုတ်သင်္ချိုင်းအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့သေးကြောင်းနှင့် ဇွန်လ ၇ ရက် နံနက်ပိုင်းကတည်းက အမည်မသိလက်နက်ကိုင် အဖွဲ့ဝင်များ ရောက်ရှိနေပြီး ကျေးရွာအတွင်း လှုပ်ရှားသွားလာနေခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သား တစ်ဦးက ပြောသည်။

“ရွာမှာကလည်း စစ်တပ်လည်း မရှိဘူး။ ရဲကင်းစခန်းရှိပေမယ့် ရဲတွေမနေတော့တာ ၆ လ လောက်ရှိသွားပြီ။ နောက်ပြည်သူ့စစ်တွေလည်း မရှိဘူး။ ဒီနေ့မှာလည်း တိုက်ပွဲ မဖြစ်ပါဘူး” ဟု ၎င်းရွှေ့ပြောင်းလုပ်သားက ပြောသည်။

လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်သည် နေ့လည်ပိုင်းအချိန်ခန့်က နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြောင့်လည်း လူထိခိုက်သေဆုံးမှု ရှိခဲ့သည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here