KNU တပ်မဟာ ၃ နယ်မြေ နတ်သံကွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ဦး သေဆုံး

0
281
Photo - KNU

ကေအဲန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့ရဲစခန်းနှင့်အနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူက ဇွန်လ ၈ ရက်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၆ ရက် မနက်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့များက နတ်သံကွင်းတံတားအရှေ့နှင့်အနောက်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှစ်ခုအပါအဝင် ရေတွင်းကုန်းရွာလမ်းခွဲရှိ ကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်းနှင့် ဘုံသတောစခန်း စုစုပေါင်း စခန်း ၅ ခုကို တစ်ပြိုင်တည်းတိုက်ခိုက်ဖျက်စီးခဲ့မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး ရှိကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်၊ မိုင်းနှင့်ခဲယမ်းများအပြင် စစ်ဘက်ဆိုင်ရာသုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်အင်အား ဖြည့်တင်းလာနိုင်သည့် လမ်းကြောင်းရှိ ကျောက်ကြီး-နတ်သံကွင်းတံတား၊ အုန်းနဲပင်-နယွဲပင်တံတားနှင့် သာစည်-တာဆုံတံတား အစရှိသည့် တံတား ၃ စင်းကို မိုင်းခွဲဖျက်စီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိနယ်မြေအခြေအနေနှင့် ပတ်သက်၍ ဒေသခံအမျိုးသမီးတစ်ဦးက “လမ်းက လုံးဝပိတ်သွားပြီ၊ နတ်သံကွင်းတံတား ကျိုးကျတော့ လူတွေက ဟိုဘက်ကမ်းကို စက်လှေတွေနဲ့ ကူးနေကြတယ်။ နတ်သံကွင်းဘက်မှာ ကေအဲန်ယူဘက်က နောက်ဆုတ်ပေးထားတော့ စစ်တပ်ဘက်က ပြန်နေပြီး အခု လုံခြုံရေး အရမ်းတင်းကြပ်ထားတယ်။ ပြေးလာကြတဲ့ထဲက ပိုက်ဆံရှိတဲ့သူတွေကတော့ မြို့တွေပေါ် တက်သွားကြတယ်။ အတော်များများက ဘေးလွတ်လောက်တဲ့ ရွာတွေဘက် ရှောင်နေတယ်” ဟု ပြောသည်။

Photo – KNU

ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ နတ်သံကွင်းမြို့အတွင်းသို့ လေကြောင်းဖြင့် ကိုးကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယခုအချိန်ထိလည်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှ ိကျေးရွာများသို့ လက်နက်ကြီးများ အသုံးပြု၍ ဆက်တိုက်ပစ်ခတ်နေသဖြင့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ တိုက်ခိုက်ခံရသော နတ်သံကွင်းမြို့ရဲစခန်းနှင့်တံတားရှိ တပ်စခန်းများတွင် ဇွန်လ ၇ ရက်နေ့မှစပြီး စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်ပြီး လက်ရှိတွင် တပ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေပြီး နတ်သံကွင်းမြို့တွင်းရှိ ရပ်ကွက်အချို့တွင် ကျန်ရှိနေသော ဒေသခံများအား အတင်းအကြပ် ရွေ့ပြောင်းခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း ကေအဲန်ယူနှင့် ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ကေအိုင်စီ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here