“၂၀၀၈ အောက်ကနေ မူဝါဒတွေကို ရေးဆွဲတဲ့ အခြေအနေတစ်ရပ်ကို ကျနော်တို့ ဖြတ်ကျော်ခဲ့ပြီးပြီပေါ့နော်။ ဒီအချိန်မှာ ၂၀၀၈ အောက်ကနေ မဟုတ်ဘဲနဲ့ တကယ့်ပကတိ အရင်အချိန်အတိုင်းကို ကျနော်တို့ ပြန်သွားဖို့ အချိန်ရောက်ပြီ လုပ်မှပဲဖြစ်တယ်ပေါ့နော်” ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) ဥက္ကဌ ဉီးသဲရယ်

0
172

ကရင်နီပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေထဲက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီဟာ ပါတီရဲ့အမည်ကို ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) လို့ နာမည်ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ပါတီရဲ့မူဝါဒ တချို့နဲ့ အဖွဲ့ဝင်တချို့ကိုလည်း ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ပါတီအမည် ပြောင်းလဲလိုက်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး လက်ရှိ KSDP ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ ဦးသဲရယ်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဘာကြောင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကနေ ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) ကို နာမည်ပြောင်းလိုက်ရတဲ့ အကြောင်းရင်းကို ရှင်းပြပေးပါအုံး။

ဖြေ။ ။ ကျနော်တို့ KySDP နာမည်အဟောင်းပေါ့နော်။ ကျနော်တို့ ပါတီကို ဖွဲ့စည်းတည်ထောင်တာ ၂၀၁၇ ကတည်းက ဖွဲ့စည်းတည်ထောင်တဲ့ ပါတီ ဖြစ်တယ်။ အဲဒီမတိုင်မီမှာကတော့ ကျနော်တို့ တိုင်းရင်းသားပါတီပေါ့နော်။ ဒီပြည်နယ်ကိုအခြေပြုတဲ့ ပါတီနှစ်ခုကနေ ပူးပေါင်းပြီး KySDP ဆိုပြီးတော့မှ ပြန်လည်ဖွဲ့စည်းခဲ့တာပါ။ ကျနော်တို့က အရင်တုန်းက ပါတီတည်ထောင်ရတဲ့ ရည်ရွယ်ချက် နောက်ပြီးတော့ ပြန်လည်ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ဆိုတာ ရှိတယ်။ ကျနော်တို့စပြီး တိုင်းရင်းသားပါတီကို ဖွဲ့စည်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ အောက်ကနေ ရွေးကောက်ပွဲ ဝင်မယ်ပေါ့။ ပြီးတော့မှ ၂၀၀၈ အောက်ကနေ တိုင်းရင်းသားတွေ လိုချင်နေတဲ့ လိုလားနေတဲ့ ဒီမိုကရေစီ ပြီးတော့မှ အမျိုးသားတန်းတူရေး ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းရေး ကိစ္စတွေပေါ့နော။ အဲဒါတွေ ၂၀၀၈ အောက်ကနေ ကျနော်တို့ အရယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီကို တည်ထောင်ရတာဖြစ်ပါတယ်။

ကျနော်တို့က ၂၀၀၈ အောက်ကနေ စဉ်းစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ ၂၀၀၈ အခြေခံ ဥပဒေရဲ့ ပေးထားချက်အရပဲ စဉ်းစားရတာဖြစ်ပါတယ်။ နာမည်ကစ ပေါ်လစီက အစပေါ့နော။ ၂၀၀၈ အောက်ကနေပဲ ကျနော်တို့ စဉ်းစားရတာဖြစ်ပါတယ်။ ကျနော်တို့ ပါတီရဲ့ နာမည်ကတော့ ကယားပြည်နယ်လို့ တည်ထားတာပေါ့နော။ ဒီနောက်ပိုင်းမှာက ၂၀၀၈ ကို ကျနော်တို့က လက်မခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။ ဘာကြောင့် လက်မခံနိုင်ရတာလဲဆိုတော့ ၂၀၁၀ ကနေ ၂၀၂၀ အတွင်းမှာပေါ့နော။ ၂၀၀၈ အောက်ကနေ လုပ်တဲ့ ရွေးကောက်ပွဲတွေ ပြီးတော့မှ ဖွဲ့ထားတဲ့ လွှတ်တော် ပြောရလို့ရှိရင် ဒီလွှတ်တော်ထဲကနေ လှုပ်ရှားဆောင်ရွက်နေတဲ့အပိုင်းတွေ လွှတ်တော်ပြင်ပကနေ လှုပ်ရှားဆောင်ရွက်တဲ့အပိုင်းတွေက အကုန်လုံးက ၂၀၀၈ အောက်ကနေပဲ လုပ်ကြတာပေါ့နော။

၂၀၀၈ အောက်ကနေပဲ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကနေစီ ရနိုင်မလား ဆိုတဲ့မေးခွန်းက ဒီပုံစံအတိုင်းဆိုရင် ကျနော်တို့ ရနိုင်တဲ့ အနေအထားက မရှိဘူးပေါ့နော။ နောက်ပြီးတော့ ကျနော်တို့ ၂၀၀၈ အောက်ကနေ ကျနော်တို့ လိုချင်နေတဲ့ အမျိုးသားရေး လက္ခာဏာနဲ့ ပတ်သက်တဲ့ဟာပေါ့။ ၂၀၀၈ အောက်ကနေလည်း ကျနော်တို့ရနိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာ သုံးသပ်မိတယ်။ ၂၀၀၈ အောက်ကနေ နိုင်ငံရေးကို တည်ဆောက်သွားတဲ့အခါမှာ ကျနော်တို့ ကောင်းကောင်းလေး နားလည်သွားပြီပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ ၂၀၀၈ ကို အရမ်းကြီး ကြိုက်လို့နှစ်သက်လို့ မဟုတ်ဘဲနဲ့ ကျနော်တို့က တစ်စုံတစ်ရာ အခွင့်အရေးရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့က နိုင်ငံရေးပါတီ လုပ်ကြတယ်။ ပြောရလို့ရှိရင် EAO တွေကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နောက်ပြီးတော့အပစ်အခတ်ရပ်စဲရေးတွေ လုပ်ကြတာပဲပေါ့နော။ သို့ပေမယ့် ၂၀၀၈ အောက်ကနေ ဘာမှအလုပ်မဖြစ်တာကတော့ အားလုံးသိကြတဲ့ အတိုင်းပဲပေါ့နော။

၂၀၀၈ အောက်ကနေ မစဉ်းစားတော့ပဲနဲ့ ၂၀၀၈ အပြင် ၂၀၀၈ ထက်ကျော်လွန်ပြီးတော့မှ စဉ်းစားလာဖို့ အချိန်ရောက်ပြီဆိုတဲ့ စဉ်းစားချက်နဲ့ ကျနော်တို့ ပါတီနာမည်ကို စပြီးတော့ ဘယ်လိုပြောရမလဲ။ ပြောင်းလဲရတဲ့ အနေအထား ဖြစ်ပါတယ်ပေါ့နော်။ မူလနာမည် ကျနော်တို့ ပြည်နယ်ရဲ့နာမည် ကျနော်တို့ လူမျိုးရဲ့ အခြေခံသမိုင်းတွေကတော့ ကရင်နီဆိုတဲ့ဟာကလည်း အခြေခံတာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် အစကတည်းက ကျနော်တို့ ပါတီရဲ့နာမည်ကို ကရင်နီလို့ သုံးချင်ပေမယ့် ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထားချက်အရ ကျနော်တို့ သုံးခွင့်မရလိုက်တဲ့အတွက် ကယားပြည်နယ်ဆိုပြီးတော့ ၂၀၀၈ အောက်ကနေ ပေးထားချက်အတိုင်းပဲ ကျနော်တို့ လုပ်လိုက်ရတဲ့ သဘောမျိုးဖြစ်တယ်။ ဆိုတော့ ကျနော်တို့ပြောင်းလဲရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၀၈ ပြင်ပကနေ နိုင်ငံရေးကို ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့ဟာကို စဉ်းစားလာတဲ့အတွက် နာမည်ပြုပြင်ရတာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိမှာကော ပါတီရဲ့မူဝါဒပိုင်းမှာ ပြောင်းသွားတာမျိုးတွေ ရှိလား။

ဖြေ။ ။ ကျနော်တို့ ညီလာခံမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ အဲဒါတွေကိုလည်း တော်တော်များများ ပြုပြင်ခဲ့တာရှိတယ်။ ခုနက ကျနော်ပြောခဲ့သလိုပဲ ၂၀၀၈ အောက်ကနေ မူဝါဒတွေကို ရေးဆွဲတဲ့ အခြေအနေတစ်ရပ်ကို ကျနော်တို့ ဖြတ်ကျော်ခဲ့ပြီးပြီပေါ့နော်။ ဒီအချိန်မှာ ၂၀၀၈ အောက်ကနေ မဟုတ်ဘဲနဲ့ တကယ့်ပကတိ အရင်အချိန်အတိုင်းကို ကျနော်တို့ ပြန်သွားဖို့ အချိန်ရောက်ပြီ လုပ်မှပဲ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ မူဝါဒအပိုင်းကို ပြုပြင်ပြောင်းလဲခဲ့တာ အများကြီး ရှိတယ်။ ပြောရရင် နိုင်ငံရေး ဗျူဟာက အစ ၂၀၀၈ အောက်ကနေ မဟုတ်ဘဲနဲ့ ကျနော်တို့ လက်ရှိ ပြည်သူလူထုတွေရဲ့ အခြေအနေအမှန် ပကတိအနေအထားကို ဦးစားပေးပြီးတော့မှ မူဝါဒကို တည်ဆောက်သွားဖို့ ကျနော်တို့ ဆွေးနွေးထားတာ ရှိတယ်။ ဆက်လက်ပြီးတော့မှ လိုအပ်တာရှိရင်လည်း ဆက်လက် ဆွေးနွေးပြုပြင် သွားဖို့လည်း ရှိပါတယ်။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီပါတီရဲ့ လှုပ်ရှားမှုတွေက ဘယ်လိုရှိနေလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပါတီအနေနဲ့ တရားဝင်လှုပ်ရှားတဲ့ အပိုင်းတော့ မလုပ်နိုင်ခဲ့ဘူး။ အဓိကကတော့ စစ်ရှောင်တွေ ကူညီတဲ့ဟာတွေ အနည်းအကျဉ်း လုပ်နိုင်တယ်။ နိုင်ငံရေးအရ ပြောလို့ရှိရင်တော့ ပွင့်ပွင့်လင်းလင်းလုပ်လို့ မရတဲ့ အနေအထားမျိုး ဖြစ်တယ်။ ကျနော်တို့ရဲ့ရှိနေတဲ့ နေရာကလည်း ပြည်တွင်းမှာပဲ ရှိနေတဲ့အခါကျတော့လေ၊ တစ်ဖက်က နေပြီးတော့ စစ်ကောင်စီကနေ ကျနော်တို့ကို အသိအမှတ်ပြုတာ မပြုတာက တစ်ပိုင်းပေါ့နော။ ကျနော်တို့က လူထုတွေကြားမှာ လှုပ်ရှားဆောင်ရွက်လိုက်လို့ ပိုပြီးတော့မှ အဆင်ပြေမလား သို့မဟုတ်ရင် လူထုအတွက် ပိုပြီးတော့ ခက်ခဲသွားစေမလား ဆိုပြီးတော့ စဉ်းစားရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ပါတီဝင် တချို့ပေါ့နော။ သူတို့ရဲ့ အနေအထားကလည်း ကြည့်ရသေးတာပေါ့နော။ တချို့ကလည်း နိုင်ငံရေးကို ဆက်လုပ်ချင်တဲ့ လူတွေရှိသလို မလုပ်ချင်တဲ့လူတွေလည်း အများကြီးရှိတယ်။

ဘာလို့လဲဆိုတော့ ဒီ ၂၀၀၈ အောက်ကနေ ကျနော်တို့သွားတာ အဆင်မပြေတော့ဘူးဆိုတဲ့ ဟာမျိုးတွေ အခု စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်မှာလည်း ၂၀၀၈ အောက်ကနေပဲ ပြန်သွားမှာပေါ့နော်။ အခုလည်း ရွေးကောက်ပွဲလုပ်ဖို့လည်း ကြေညာထားတယ်။ ဘယ်အောက်ကနေ သွားလဲလို့မေးရင် ၂၀၀၈ အောက်ကနေပဲ ပြန်သွားမှာပဲဆိုတော့ ကျနော်တို့ပါတီက EC တော်တော်များများက ၂၀၀၈ အောက်ကနေ သွားမယ့်ဟာ ဆိုရင်တော့ စိတ်ပျက်တဲ့ အနေအထားမျိုးတော့ ရှိတယ်။ သို့ပေမယ့် လူထုတွေရဲ့ မျှော်လင့်ချက်တစုံတရာပေးလာလို့ မဖြစ်မနေ တိုင်းပြည်ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်ပေးပါဆိုလို့ ရှိလာရင်တော့လည်း တစ်မျိုးပေါ့နော။ အခုကလည်း ဘယ်သူမှ ၂၀၀၈ အောက်ကနေ သွားလိုတဲ့ ဆန္ဒကလည်း မရှိဘူးပေါ့နော။ လူထုတွေကအစပေါ့နော။ အောက်ခြေက လူထုတွေကအစ အဲဒီလိုရှိနေတဲ့အခါကျတော့ ပါတီကလည်း ၂၀၀၈ အောက်ကနေ ဖွဲ့စည်းထားတဲ့ ပါတီပေါ်လစီအတိုင်း သွားဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ဘူး။

သွားရင်လည်း လူထုတွေရဲ့ အားပေးထောက်ခံမှုတွေလည်း မရှိတော့ဘူးပေါ့နော်။ ဘာမှအဓိပ္ပါယ် မရှိတော့တဲ့ အနေအထားမျိုးပေါ့နော်။ ကျနော်တို့ပါတီ ဖျက်သိမ်းလိုက်တဲ့အပေါ်မှာတော့ ကျနော်တို့ပါတီ တစ်စုံတစ်ရာပေါ့နော်။ စစ်ကောင်စီရဲ့ UEC ပေါ့နော်။ သူတို့ထောက်ပြထားတဲ့ ဥပဒေကို ကျနော်တို့ချိုးဖောက်သလားဆိုတော့ ဒါက ကျနော်တို့ကပါတီကို ဆက်လက်မှတ်ပုံတင်လိုတဲ့ ဆန္ဒမရှိတော့တဲ့အတွက် သူတို့ဘက်ကနေ စဉ်းစားပြီးတော့မှ သူတို့ဥပဒေအနေနဲ့ အသိအမှတ် မပြုနိုင်တော့တဲ့ အနေအထားမျိုးဆိုတော့ အသိအမှတ်မပြုနိုင်တော့တဲ့ အပေါ်မှာတော့ ကျနော်တို့ဘာမှ စောဒက တက်နေစရာအကြောင်း မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ပါတီက လူထုကိုအခြေခံတဲ့ ပါတီမျိုး ဖြစ်တယ်။ လူထုက ဆက်ရှိနေပေးပါလို့ လူထုကပြောရင်တော့ ကျနော်တို့က ဆက်ရှိနေ ပေးမယ်။ ရှိနေစရာမလိုဘူး ပြောလို့ရှိရင်တော့ ရှိနေစရာ မလိုဘူးပေါ့နော်။ ဒါ UEC ကနေ အသိအမှတ်ပြုတာ မပြုတာက ကျနော်တို့အတွက် အရေးမကြီးဘူး။ လူထုတွေ အသိအမှတ်ပြုဖို့ပဲ အရေးကြီးပါတယ်လို့။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပါတီရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တချို့ တော်လှန်ရေးမှာ ပါဝင်နေတာရှိတယ်။ ဒါက သူတို့ တစ်ဦးချင်းစီအနေနဲ့ ပါဝင်တာလား။ ပါတီအနေနဲ့ ပါဝင်တာလား။

ဖြေ။ ။ အာဏာ စသိမ်းပြီးနောက်ပိုင်းမှာတော့ ဒါ အနိုင်ရကိုယ်စားလှယ်တွေရော ပါတီဝင် တချို့တွေကတော့ ဒါကတော့ သူတို့ ပြောရမယ် ဆိုလို့ရှိရင် သူတို့ရဲ့ခံယူချက်နဲ့ သူတို့ လုပ်နေကြတာ ရှိတယ်။ ပါတီရဲ့ပေါ်လစီအရ ပါတီရဲ့နိုင်ငံရေး ခံယူချက်အရ ဒါတွေလုပ်ရမယ်။ မလုပ်ရဘူးဆိုတာ အဓိကသွားနေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့နော်။ လုံးဝ ဒီလိုတိုင်းပြည်က ဒီလိုဖြစ်သွားတဲ့ အချိန်မှာတော့ တိုင်းပြည်က ဒီလိုစုစည်းလို့ မရတဲ့အပိုင်းက အားနည်းချက်ပေါ့နော်။ နောက်ပြီးတော့ ဒီတော်လှန်ရေးမှာရော နိုင်ငံရေးမှာရော ကျနော်တို့ပါတီကနေ ကိုယ်စားပြုနိုင်မှုလည်း အားနည်းနေတာ။ ရှိတာပေါ့။ ဒီအပေါ်မှာတော့ သူနည်းသူ့ဟန်နဲ့ ပါဝင်ခဲ့တဲ့ အပေါ်မှာတော့ ကျနော်တို့ ဘာမှ မပြောလိုဘူးပေါ့နော်။ ဒါကတော့ တစ်ဦးချင်းရဲ့ နိုင်ငံရေးရပ်တည်ချက် အမျိုးသားရပ်တည်ချက် အဲဒီလိုပဲ ကျနော်တို့ ပြောလို့ရတာပေါ့နော်။

တချို့ကတော့ နိုင်ငံရေးအရ ကူညီဆောင်ရွက်ခဲ့တဲ့ဟာတွေကတော့ အနည်းအကျဉ်းတော့ ရှိပါတယ်။ သို့ပေမယ့် တစ်ဇုန်လုံး ကျနော်တို့ ပါတီအနေနဲ့ ပါဝင်ပြီးတော့မှ နိုင်ငံရေးအခန်းကဏ္ဍမှာ အပြည့်အဝ ပါဝင်ခဲ့တာမျိုးတော့ မရှိဘူးပေါ့နော်။ အရင်တုန်းကပေါ့နော်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ပြောလို့မရဘူးလေနော်။ ကျနော်တို့ ပါတီကလည်း refound လုပ်ပြီးပြီဆိုတော့ ကျနော်တို့ ပေါ်လစီ ပြုပြင်ပြောင်းလဲပြီးရင်တော့ ကျနော်တို့ ပေါ်လစီအတိုင်းပဲ လုပ်ရမှာပေါ့။ ဆိုတော့ ကျနော်တို့ ပေါ်လစီကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့ပဲ ရှိပါတယ်။ ကျနော်တို့ ဒီပါတီဝင်တချို့က ဒီတော်လှန်ရေး အစုအဖွဲ့ထဲမှာ ပါတာကတော့ ပါတီရဲ့ ပေါ်လစီအရ မဟုတ်တာတောင်မှ သူတို့ရဲ့ ရပ်တည်ချက်အရ ပါဝင်တာကတော့ ကျနော်တို့ပါတီအနေနဲ့ ဗဟိုကော်မတီအနေနဲ့ ဘာမှပြောပိုင်ခွင့် မရှိဘူးဆိုတာကတော့ အဲဒါပဲ ပြောချင်ပါတယ်။

မေး။ ။ ဖြေကြားတဲ့အထဲမှာလည်း ပါတယ်ပေါ့နော်။ တော်လှန်ရေးမှာ ပါတီအနေနဲ့ ပါဝင်တာမျိုး မရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ပါဝင်ဖို့ရှိတယ် ဆိုတော့ ဘယ်လိုမျိုး ပါဝင်သွားဖို့ ရှိလဲ။

ဖြေ။ ။ အရင်တုန်းကတော့ ကျနော်တို့ ခုနက ပြောသလိုမျိုးပေါ့နော်။ ပုဂ္ဂိုလ်ရေးအရ ပါခဲ့တာတွေ ရှိတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ ပါတီကနေ တစ်စုံလုံး ပါလာနိုင်တဲ့ အခြေအနေကတော့ ဒါကတော့ အခြေအနေပေါ်မှာပဲ မူတည်ပါတယ်။ ဒါကတော့ ကြိုပြောလို့လည်း မရဘူးပေါ့နော်။ ကျနော်တို့မူဝါဒကို အချောသတ်တဲ့ အနေအထားလည်း မရှိဘူး။ ဆက်လက်ပြီး ဆွေးနွေးသွားဖို့လည်း ရှိတာပေါ့နော်။ ညီလာခံမှာလည်း ကျနော်တို့ပေါ်လစီကို တကယ့်စနစ်တကျ ကျနော်တို့က ဒီလို အချောဆွေးနွေးသွားတဲ့ အနေအထားမျိုးလည်း မရှိဘူးဖြစ်နေတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ပါတီအတွင်းမှာ ဆက်လက်ဆွေးနွေးသွားမယ်။ ပေါ်လစီတွေကို သေချာ ချမှတ်သွားဖို့ ရှိပါတယ်ပေါ့။ အဲဒီအတွက်တော့ ဘယ်လိုမျိုးပုံစံနဲ့ သွားမယ်ဆိုတာကိုတော့ ကျနော်တို့အတွက် ပြောဖို့ အခက်အခဲ ရှိတာပေါ့နော်။ တိတိကျကျ ကျနော်တို့ပြောဖို့က အခက်အခဲ ရှိပါတယ်။

အဓိက ကတော့ ကျနော်တို့ ရည်ရွယ်ထားတာကတော့ ပြည်သူလူထုကို နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေပါဖို့ ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ တော်လှန်ရေးက တော်လှန်ရေးအရ သူတို့လုပ်မှာပဲ။ ကျနော်တို့က နိုင်ငံရေးပါတီ ဖြစ်တယ်ဆိုတော့ နိုင်ငံရေးပါတီဘက်မှာလည်း အားပြုဖို့ လိုတယ်ဆိုတဲ့ဟာမျိုးပေါ့နော။ ကျနော်တို့ ပြည်နယ်မှာက တော်တော်များများ ပြည်ပကပြောနေတာ ဆိုနေတာကတော့ ကရင်နီပြည်မှာ တော်လှန်ရေး အင်အားစုက အားကောင်းနေတယ်ဆိုတဲ့ ဟာပေါ့နော။ ဒီတော်လှန်ရေး အင်အားစုတစ်ခုတည်းနဲ့ တိုင်းပြည်ကို တည်ဆောက်တာထက် နိုင်ငံရေးမှာလည်း အားကောင်းဖို့ လိုတယ်ဆိုတဲ့ဟာကိုလည်း ကျနော်တို့ သုံးသပ်မိတာပေါ့လေ။ ကျနော်တို့ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ ပြည်နယ်မှာ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ လူထုကို ဆက်ပြီးတော့ ဦးဆောင်မှုအားကောင်းဖို့အတွက် ကျနော်တို့အားဖြည့် ကူညီဖို့အတွက်ကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့ ဘယ်လိုချိတ်ဆက် ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ လောလောဆယ်မှာတော့ ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေတာတော့ ပါတီကနေ ချိတ်ဆက်ဆောင်ရွက် နေတာတော့ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့် နောက်ကျရင်တော့ ကျနော်တို့ ပြောလို့ မရဘူးပေါ့နော်။ ကျနော်တို့ ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့မှပဲ ကျနော်တို့ကတော့ ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမှာပေါ့နော်။ နောက်တစ်ခုကတော့ ပြည်သူလူထုရဲ့ အနေအထားကို ကျနော်တို့မေ့ထားလို့ မရဘူးပေါ့နော်။ ပြည်သူလူထုရဲ့ အနေအထားက ဘယ်လိုရှိနေလဲ။ သူတို့ရဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုရင် ကျနော်တို့က ဘာလုပ်ကြမလဲ ဆိုတဲ့ဟာ၊ လူထုတွေအတွက် တကယ်အကျိုးရှိမယ် ဆိုတဲ့ဟာတွေကိုတော့ ဘယ်သူနဲ့မဆို ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲပေါ့နော်။ လူထုအတွက် တကယ်အလုပ်လုပ်တဲ့ လူထုကိုလည်း တကယ်ကိုယ်စားပြုတဲ့ လူတွေကိုလည်း ဒီလူ့အဖွဲ့အစည်းတွေနဲ့ ဒီအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားဖို့လည်း ကျနော်တို့မှာ ရည်ရွယ်ချက်ရှိပါတယ်ပေါ့။

မေး။ ။ ထပ်မံဖြည့်စွက် ပြောပြချင်တာရှိမယ်ဆိုရင် ပြောပေးပါ။

ဖြေ။ ။ ကျနော်တို့ပြည်နယ် အနေအထားအနေနဲ့တော့ လက်ရှိမှာ တကယ့်အဆိုးဆုံး အခြေအနေ ဖြစ်တာပေါ့နော်။ ပြည်သူလူထုတွေက စစ်ရှောင်ကြတဲ့ဟာတွေကလည်း တစ်ပြည်နယ်လုံး အတိုင်းအတာ ဖြစ်သွားပြီ၊ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး လုံးခြုံရေးကိစ္စတွေကတော့ ဘယ်လို ပြောရမလဲ။ အထူးသဖြင့် မြေပြင်မှာ ဆောင်ရွက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေကတော့ သူတို့ ကြိုးစားပြီးတော့မှ လုပ်နေကြတယ်ဆိုပေမယ့်လည်း ဒီထက်ကျော်လွန်ပြီးတော့မှလည်း လုပ်နိုင်တဲ့ အနေအထား ရှိမရှိဆိုတာကို သူတို့အသိဆုံး ဖြစ်ပါတယ်ပေါ့နော်။ ကျနော်ပြောချင်ပါတယ်။ တခြားသော ပြည်ပမှာရှိနေကြတဲ့ ညီအကိုမောင်နှမများ သို့မဟုတ်ရင်လည်း နိုင်ငံတကာက အဖွဲ့အစည်းတွေကလည်း ကျနော်တို့ ပြည်နယ်ထဲက ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ဝိုင်းဝန်းအာရုံစိုက် ပေးကြဖို့ ကျနော်အနေနဲ့ တောင်းဆိုချင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here