ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသအတွင်း ကျေးရွာပေါင်း ၆၀ ကျော် စားရေးသောက်ရေးနဲ့ အမိုးအကာများ အရေးတကြီးလိုအပ်နေ

0
259

မိုခါမုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းအထက်ပိုင်း ဒေသမှ ကျေးရွာပေါင်း ၆၀ ကျော်မှာ လက်ရှိတွင် စားနပ်ရိက္ခာများပြတ်လပ်နေပြီး အမိုးအကာများလည်း မရရှိသေးသဖြင့် အထူးအခက်အခဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။

တောဖျားချောင်းဒေသရှိ ဆင်သည်ရွာမှ ဒေသခံတစ်ဦးက ” ကျနော်တို့ တောဖျားချောင်းဒေသက ဖုန်းလိုင်းတွေ၊အင်တာနက်လိုင်းတွေလည်း မမိပါဘူး။လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲတယ်။ရေလမ်းတခုတည်းကပဲ သွားလာလို့ရတဲ့အတွက် အလှူရှင်တွေက မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ရှိတာလေးကို စားလူစား၊ အငတ်နေတဲ့သူနေနဲ့ အကုန်လုံး အခက်အခဲဖြစ်နေပါတယ်။နေအိမ်လုံးဝပျက်စီးသူတွေက စာသင်ကျောင်းမှာ နေကြသလို ခေါင်မိုးတွေပျက်စီးသွားသူကတော့ တာပေါ်လင်စ အဟောင်းတွေကာပြီး နေကြပါတယ်” ဟု ပြောသည်။

အဆိုပါကျေးရွာများမှာ မုန်တိုင်းကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးသွားပြီး လက်ရှိတွင် နေထိုင်စရာနေရာများနှင့် စားဝတ်နေရေးအတွက် အစိုးရနှင့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှာလည်း လာရောက်ကူညီပေးခြင်းမရှိသေးဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

တောဖျားချောင်းဒေသရှိ ဒေသခံများသည် ကွမ်းစိုက်ခင်း၊ ငရုတ်ကောင်းစိုက်ခင်းနှင့် ဒညှင်းသီးစိုက်ခင်းတို့ကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကလုပ်ကိုင်စားသောက်ကြပြီး လက်ရှိတွင် မုန်တိုင်းကြောင့် စိုက်ခင်းများမှာလည်း ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးသွားကြောင်းလည်း သိရသည်။

“ အကုန်လုံးပါသွားတော့ စီးပွားရေးက နလန်ပြန်ထူနိုင်ဖို့အတွက် အရမ်းကိုအခက်အခဲဖြစ်သွားပါပြီ။ အိမ်တွေကိုလည်း ပြန်မဆောက်နိုင်၊ စိုက်ခင်းတွေကိုလည်း ပြန်မပြင်နိုင်ဘူး။ဘယ်နေရာကနေစပြီး ဘယ်လိုပြန်လည်တည်ဆောက်ရမလဲဆိုတာတောင် ကျနော်တို့မသိတော့ပါဘူး။ အကုန်လုံး အထိနာသွားကြတာပါ” ဟု တောဖျားချောင်းဒေသမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများသို့ အကူအညီများပေးမှုမှာ လွန်စွာနှေးကွေးနေပြီး မုန်တိုင်းတိုက်ခတ်ပြီး (၂) ပတ်ကျော်လာသည့်တိုင်အောင် ကယ်ဆယ်ရေး အကူအညီအထောက်အပံ့ တစ်စုံတစ်ရာ မရရှိသည့် ကျေးရွာများစွာ ရှိနေသေးသည်ဟု သိရသည်။

၎င်းပြင် စစ်ကောင်စီသည် နိုင်ငံတကာက လှူဒါန်းထားသည့် ယာယီတဲအိမ်များ၊ တာပေါ်လင်စများ၊ ငါးသေတ္တာများ၊အဟာရဖြည့်မုန့်များ၊ဆေးဝါးများနှင့် တခြားသော လူသုံးကုန်ပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများလက်ထဲသို့ တစ်စုံတစ်ရာ လှူဒါန်းပေးမှုမရှိဘဲ စစ်တွေ၊ပုဏ္ဏားကျွန်း မြို့နယ်များတွင် လူတစ်ဦးလျှင် ဆန် နို့စည်ဗူး ၂ ဗူးကျနူန်းဖြင့်သာ ပေးကမ်းလျှက်ရှိနေကြောင်း တွေ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here