“အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် ဘယ်လောက်ပဲ အင်အားကြီးတဲ့အမျိုးသမီးဖြစ်ပါစေ၊ စိတ်အားငယ်တာမျိုး ဖြစ်တတ်တယ်။ အဲ့လိုမျိုးဖြစ်လာရင် ငါ ဒီလိုစိတ်ဓါတ်မျိုးနဲ့ဝင်လာတာပဲ ဘာလို့ မဖြစ်ရမှာလဲ၊ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အားပြန်တင်းပါ။ ပြီးတော့ ရှေ့ဆက်ပြီး တိုက်ကြပါ။ ပါဝင်နေတဲ့ အမျိုးသမီးတိုင်းကိုလည်း ဂုဏ်ယူပါတယ်” ကျားခင်စိန် (မြောင်အမျိုးသမီးဒရုန်းတပ်ဖွဲ့- T.G.R)

0
162

မြောင်အမျိုးသမီးဒရုန်းတပ်ဖွဲ့ (T.G.R) ခေါင်းဆောင်ကျားခင်စိန်နှင့် အမေးအဖြေ

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းကို အပြင်းအထန်ခြေမှုန်းတိုက်ခိုက်နေတဲ့အပြင် နေ့စဉ်နီးပါးလေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်မှုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရရာလက်နက်စွဲကိုင်တိုက်ခိုက်နေကြသလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ခပ်စိပ်စိပ်ပြုလုပ်လာကြပါတယ်။

စစ်ကောင်စီကိုတန်ပြန်တိုက်ခိုက်နေသူတွေထဲမှာ အမျိုးသားတွေနဲ့ တန်းတူတိုက်ပွဲဝင်နေတဲ့ မြောင်အမျိုးသမီးဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ လည်းပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ လက်ရှိ တိုက်ခိုက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ ခေါင်းဆောင် ကျားခင်စိန်ကို မေးမြန်းထားပါတယ်။

မေး-လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်မှုနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရတယ်။ ဒီထဲမှာ T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ အနေနဲ့ရော ဘယ်လိုမျိုး ပါဝင်လှုပ်ရှားနေပါသလဲ။

ဖြေ-အရင်တုန်းက ကျနော်တို့က ဒရုန်းနဲ့အီနာဂါချပြီးတော့ တိုက်ခိုက်တာပေ့ါနော်။ အခုလောလောဆယ်တော့ စစ်ကောင်စီဘက်မှာပါလာတဲ့ Drone Killerတို့ ဂျန်ဘာ(ဒရုန်းဖျက်စက်)တို့နဲ့က အီနာဂါချရတာ သိပ်အဆင်မပြေဖြစ်နေလို့၊ ဒရုန်းဆုံးတာပဲများနေတဲ့အတွက်ကြောင့် အခု ကျနော်တို့က scout (ကင်းထောက်) ထောက်ပေးတယ်။ တိုက်ပွဲတစ်ခုလုပ်တော့မယ်ဆိုရင် ကျနော်တို့ဒရုန်းကို အဝေးကနေပေါ့ (ဂျန်ဘာ လွတ်တဲ့နေရာကနေ) လွှတ်တင်ပြီးတော့ ဘယ်နားမှာတော့ စကစတွေ နေရာယူထားတယ်၊ ရှိနေတယ်ဆိုတာမျိုးပေါ့ ထောက်ပေးတယ်။ တခါတလေမှာ ဒီကောင်တွေ (စကစ) က အပျောက်ဖျောက်သွားတာမျိုး ရှိနေတတ်တော့ scoutထောက်ပြီးတော့ တိုက်ပွဲဖော်ဆောင်မယ့်ရဲဘော်တွေကို ကျနော်တို့သတင်းပေးပြီး ပါဝင်နေပါတယ်။ နောက် အဲ့ဒီမှာ အခွင့်ကြုံရင်တော့ အီနာဂါချတယ်။ ချလို့အဆင်မပြောတေ့ာဘူးဆိုရင်တော့ ကင်းထောက်ပဲ ကျနော်တို့ လုပ်ဖြစ်တယ်။

မေး-တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ လက်ရှိ စစ်ကောင်စီတပ်တွေကဘယ်လို တိုက်ခိုက်မှုတွေလုပ်ဆောင်လာနေလဲဆိုတာ အခြေအနေကို သုံးသပ်ပြောပေးပါဦး။

ဖြေ-တိုက်ပွဲအခြေအနေတွေကတော့ စစ်ကိုင်းဘက်မှာ လေယာဉ်နဲ့တိုက်ခိုက်တာတွေ များလာတယ်။ မြေပြင်စစ်ကြောင်းက ဝင်လိုက်တယ်။ ပြီးရင် လေကြောင်းက တန်းလိုက်လာတာမျိုးပေါ့။ အခုလက်ရှိအခြေအနေက သူတို့ဘက်က အ‌ရေးနိမ့်တယ်လို့ ထင်ရင် လေယာဉ်နဲ့ပဲ လာတာများတယ်။ လေယာဥ်တွေကတော့ ကျနော်တို့ မြောင်နယ်၊ စစ်ကိုင်းတိုင်းတကြောဘက်ကို အမြဲတမ်းဝဲနေတာပဲဗျ။ နေ့စဉ်ရက်ဆက်ကတော့ ဝဲနေတာပဲ။ အခုဆိုရင် စကစဘက်က ရွာတွေကို ဝင်တော့မယ်ဆိုရင် လက်နက်ကြီးတွေထုပြီး ဝင်တယ်။ ပစ်ခတ်ပြီးဝင်တယ်။ ဒီလိုပစ်ခတ်ပြီးဝင်လို့ ရွာတွေက သက်ကြီးရွယ်အို ဘိုးဘွားတွေဆိုလည်း ထိမိပြီးသေဆုံးတာတွေလည်းရှိတယ်။ တချို့ရွာထဲမှာဖမ်းမိသူတွေဆိုရင်လည်း ပြေးလို့မလွတ်တဲ့သူတွေကိုလည်း ဖမ်းခေါ်သွားတယ်။ တစ်ခါတစ်ခါဖမ်းရင် အယောက်၂၀လောက် ရှိတယ်။ ပြီးရင် သူတို့ကို တော်လှန်‌‌ရေးအဖွဲ့တွေက ရွာကထွက်ရင် တိုက်နိုင်တယ်ဆိုတာမျိုး၊ ပြည်သူတွေပါရင် ကျနော်တို့က မတိုက်ဘူးဆိုတာသိတော့ အဲ့ဒီဖမ်းတဲ့လူတွေကို သူတို့က လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး လုပ်နေတယ်။ ဒါစကစတွေ ရွာတွေမှာ လုပ်နေတဲ့ပုံစံတွေပေါ့။

မေး-တိုက်ပွဲတွေစိပ်လာတဲ့အခါ ကိုယ်တိုင်ရော ဒရုန်းနဲ့ပါဝင်တိုက်ခိုက်လာမှုကို အရှိန်မြှင့်လာနိုင်လား။ ဘယ်လိုအခြေအနေရှိနေပါလဲ။

ဖြေ-ကျနော်တို့ အခုကိုင်နေတဲ့ ဒရုန်းအသေးတွေက ဂျန်ဘာတို့၊ Drone Killer တို့ကို မယှဉ်နိုင်တော့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ပွဲမတိုးနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့က ဂျန်ဘာလောက်ကို ကျော်လွှားနိုင်လောက်မယ့် ဒရုန်းအကြီးတွေ ဝယ်ဖို့လုပ်နေတယ်။ စီစဉ်နေပါတယ်။ ဒီပစ္စည်းတွေ ရောက်လာရင်တော့ ကျနော်တို့ဆက်ပြီးတော့ တိုက်ခိုက်နိုင်မယ်၊ အရှိန်မြှင့်လာနိုင်မယ်ပေါ့နော်။

မေး-မြေပြင်မှာ လက်တွေ့တိုက်ခိုက်နေရတဲ့အဖွဲ့အနေနဲ့ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ဘာတွေက စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်လာပါလဲ။

ဖြေ-လက်နက်အင်အားတွေက စိန်ခေါ်မှုဖြစ်လာတာပေါ့နော်။ စကစက လက်နက်အပြည့်အစုံ ကိုင်ဆောင်နိုင်တယ်၊ ကျ‌နော်တို့အဖွဲ့တွေမှာ တော်လှန်ရေးအဖွဲ့တိုင်းပါပဲ လက်နက်အပြည့်အစုံ ကိုင်ဆောင်နိုင်တယ်ဆိုတာ မရှိကြပါဘူး။ မရှိတဲ့အခါကျတော့ ကိုယ်မှာရှိတဲ့လက်နက်ကလေးတွေနဲ့ပဲ တိုက်တယ်။ ကျနော်တို့ဆိုလည်း အရင်က ဒရုန်းအသေးလေးတွေပဲသုံးနေရတယ်။လက်နက်အင်အား မမျှတဲ့ကြားထဲကပဲ ကျနော်တို့တိုက်နေတယ်၊နောက်ထပ် လက်နက်တွေရလာဖို့အတွက်လည်း ကျ‌နော်တို့ လုပ်နေတယ်ဆိုတော့ ဒါတွေက စိန်ခေါ်မှုတစ်ခုလို့ ပြောလို့ရတယ်။

မေး- T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ အနေနဲ့ရော စတင်တည်ထောင်ကတည်းက လက်ရှိအချိန် တပ်ဖွဲ့အင်အားကို တိုးချဲ့ဖွဲ့စည်းလာနိုင်ပြီလား။ အသုံးပြု တိုက်ခိုက်နေရတဲ့ တိုက်ခိုက်ရေးပစ္စည်းတွေပေါ်မှာရော ကျေနပ်အားရမှုရှိလား။ ဘာတွေလိုအပ်နေပါသေးလဲ။

ဖြေ-ကျနော်တို့ စဖွဲ့တုန်းက လူအင်အားနည်းတယ်။ ၁၀ယောက်ကျော်လေးနဲ့ပဲ ဖွဲ့လာတာ။ အခုတော့ တိုးချဲ့ဖွဲ့စည်းလာနိုင်ပြီ။ လက်နက်အင်အားအနေနဲ့ အားရမှုရှိလားဆိုရင်တော့ ဒရုန်းတွေက ဂျန်ဘာမိပြီးဆုံးသွားတာတွေ ဒရုန်းကေလာမိပြီး ဆုံးသွားတာတွေရှိတော့ စိတ်ထဲမှာတော့ နည်းနည်း အားမလိုအားမရဖြစ်တယ်။ အခုနောက်ပိုင်းဆို ဒရုန်းတွေဂျန်ဘာမလွတ်လို့ ပွဲမကရတာများတယ်။ ကင်းထောက်လုပ်ပြီးပဲ ပြန်လာခဲ့ရတာတွေရှိတယ်ပေါ့နော်။ အဲ့လိုမျိုးဆိုရင်တော့ အားရမှုမရှိဘူးပေ့ါ။ ဒါပေမယ့် အဲ့လိုကြောင့် စိတ်ဓါတ်ကတော့ကျသွားတာမျိုးမရှိပါဘူး။ ဒီထက်ပိုကောင်းတဲ့ ဒရုန်းအမျိုးအစားမျိုးရအောင်ကို ကျ‌နော်တို့ ရုန်းကန်နေတယ်။ အီနာဂါအနေနဲ့ကတော့ အားရတယ်။ စကစတွေကို ဒီအသီးက ထိရောက်မှုပေးနိုင်တယ်ပေါ့နော်။

မေး- T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်ထဲမှာ တိုက်ခိုက်ရေးလုပ်ရင်း ခေါင်းဆောင်အပါအဝင် အဖွဲ့သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရတယ်၊ ဒါပေမယ့် လက်လျော့မသွားဘဲ အဖွဲ့က ပြန်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါတွေအတွက် ဘယ်လိုမျိုးအားအင်ယူပြီး တိုက်ခိုက်ရေးတာဝန်တွေ ပြန်ထမ်းဆောင်နိုင်ခဲ့လဲဆိုတာ ပြောြပပေးပါဦး။

ဖြေ-အဲ့ဒီတုန်းက ဒရုန်းနဲ့ချိတ်မယ့် ဗုံးသီးအီနာဂါမှာ ထိပ်မှာ နှာရမ်းသိပ်ရသေးတယ်။ စကစတွေက နေရာရွှေ့တော့မယ်ဆိုတော့ နှာရမ်းသိပ်ရင်းနဲ့ စိတ်က အရမ်းလောတဲ့အရှိန်နဲ့ နှာရမ်းသိပ်တာများပြီးတော့ လက်ထဲတင်ကွဲသွားတာဗျ။ အဲ့ဒီမှာ ကျနော်အပါအဝင် ရဲဘော်၄ယောက် အကုန်ထိသွားတယ်။ ဘေးမှာလာရပ်ကြည့်နေသူ တစ်ယောက်လည်း ခြေထောက်ရှပ်ထိသွားတယ်ပေါ့နော်။ ကျ‌နော်တို့ထိခိုက်ခဲ့တာ ကျနော့်ထက်ဆိုးတဲ့ ရဲဘော်ပါတယ်။ အဲ့ဒီရဲဘော် (မိုင်းဆရာ) ဆိုရင် မျက်လုံးနဲ့လက်တစ်ဖက်နဲ့ ဆုံးရှုံးလိုက်ရတယ်။ ဒါပေမယ့် နဂိုထဲကကျနော်တို့တွေက အဆုံးထိတိုက်ရမယ်ဆိုတာမျိုးကို သွားထားတဲ့ စိတ်ဓါတ်ဆိုတော့ စိတ်ဓါတ်မကျဘူး။ အဲ့ဒီမိုင်းဆရာဆိုရင် အဲ့လိုဖြစ်နေတဲ့ကြားထဲမှာကို စိတ်အားထက်သန်နေတုန်းဆိုတော့ ကျနော်တို့ဖြစ်တာလောက်ကတော့ ဘာမှမရှိဘူးပေါ့နော်။ သူတောင် စိတ်ဓါတ်ပြင်းသေးတာပဲဆိုပြီး၊ ကျနော်ဆိုထိသွားတာက လမ်းကို တစ်လခွဲလောက်တော့ မလျှောက်နိုင်လိုက်ဘူး။ အဲ့လိုအနေအထားမျိုးမှာ ကျနော်အားမရမှုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီလိုဖြစ်တယ်ဆိုပြီး ကြောက်တယ်မလုပ်တော့ဘူးဆိုပြီး ကြောက်စိတ်ဆိုတာရှိနေသေးရင် ဒီစကစ ကိုကျ‌နော်တို့ နိုင်မှာမဟုတ်ဘူးဗျ။ ဒီကြောက်စိတ်ကို တွန်းလှန်ပြီး သေသေကြေကြေဆိုတဲ့ စိတ်ဓါတ်မျိုးထားပြီး စကစကို တိုက်နိုင်မှဆိုတဲ့ စိတ်ဓါတ်မျိုးကို ပြန်ထည့်တယ်။ ငါ့ထက်ဆိုးတဲ့ ရဲဘော်တွေတောင် ဒီထက်တိုက်နေသေးတာပဲ ဒီလောက်နဲ့ဘာလို့‌နောက်ဆုတ်မှာလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ကျနော်တို့ရဲဘော်တွေ ရှေ့ဆက်ပြီး တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်တော့လည်း အောင်ပွဲတွေလည်းရှိခဲ့ပါတယ်။

မေး-စစ်ကိုင်းတိုင်းအတွင်းက အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ရော T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါလား။ ဘယ်လိုမျိုးပူးပေါင်းမှုတွေရှိနေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ-အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ တချို့ကလည်း ဒရုန်းလိုတယ် လာပူးပေါင်းပေးပါဆိုရင် ကျ‌နော်တို့ သွားလိုက်တယ်။ ကျနော်တို့ ဒီဘက်နယ် မြောင်နယ်တကြောမှာ စကစတွေဝင်လာပြီ ထိုးလာပြီဆိုတာနဲ့ မဟာမိတ်တွေအကုန်လုံးက ပလန်တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေက တောက်လျောက်ရှိပါတယ်။

မေး-အမျိုးသမီးဒရုန်းတပ်ဖွဲ့အနေနဲ့ တော်လှန်ရေးကာလ ၂ နှစ်ကျော်အထိ ရပ်တည်လာခဲ့ပြီးပြီဆိုတော့ ဒီကာလမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ ရှိရင်ပြောပြပေးပါဦး။

ဖြေ-အစပိုင်းကတော့ အခက်အခဲတွေကတော့ တော်တော်ပဲဗျ။ မိန်းကလေးလည်းဖြစ်တယ်ဆိုတော့လေ။ ယောင်္ကျားတွေလို စွမ်းဆောင်နိုင်တဲ့အရည်အချင်း မိန်းကလေးမှာလည်း ရှိတယ်ဆိုတဲ့စိတ်နဲ့လုပ်တာဆိုပေမယ့် တခါတလေကျတော့လည်း အခက်အခဲကတော့ရှိတာပဲလေနော်။ဥပမာ- မစ်ရှင်အတွက် သွားရေးလာရေးမှာ ဆိုင်ကယ်မောင်းတဲ့အခါ ကျွမ်းကျင်မှုမရှိတဲ့ဟာမျိုးတွေဆို ဆိုင်ကယ်မှောက်တာတွေ ဘာတွေရှိခဲ့တယ်။ တခြားဟာတွေရောပေါ့နော် ရှိခဲ့တယ်။ အခုကတော့ အတွေ့အကြုံလည်းရှိနေပြီ၊ သွားလာ‌ရေးကလည်း များနေပြီဆိုတော့ အရမ်းကြီးအခက်အခဲတော့ မရှိတော့ပါဘူး။ အခက်အခဲတိုင်းက နေသားကျသွားပြီလို့ပဲ ပြောရမှာပါပဲ။

မေး- T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့အနေနဲ့ တခြားအမျိုးသမီးရဲမေတွေအတွက် တော်လှန်ရေးသတင်း စကားပါးပေးပါဦး။

ဖြေ-တခြားအမျိုးသမီးတွေအနေနဲ့လည်း ခက်ခဲတာတွေရှိရင်လည်း အဲ့လိုအခက်အခဲမျိုးတွေကို ကြံ့ကြံခံရင်ဆိုင်ပါလို့။ ကိုယ်က ဒီထဲကို ဘယ်လိုစိတ်ဓါတ်နဲ့ ဝင်လာတာလဲဆိုတာကို စိတ်ဓါတ်ကျနေတဲ့ အချိန်မျိုးမှာ ပြန်တွေးကြည့်ပါ။ ကျနော်ကိုယ်တိုင်လည်း စိတ်ဓါတ်ကျတာမျိုးရှိခဲ့တယ်။ အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် ဘယ်လောက်ပဲ အင်အားကြီးတဲ့အမျိုးသမီးဖြစ်ပါစေ၊ စိတ်အားငယ်တာမျိုး ဖြစ်တတ်တယ်။ အဲ့လိုမျိုးဖြစ်လာရင် ငါ ဒီလိုစိတ်ဓါတ်မျိုးနဲ့ဝင်လာတာပဲ ဘာလို့ မဖြစ်ရမှာလဲ၊ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အားပြန်တင်းပါ။ ပြီးတော့ ရှေ့ဆက်ပြီး တိုက်ကြပါ။ ပါဝင်နေတဲ့ အမျိုးသမီးတိုင်းကိုလည်း ဂုဏ်ယူပါတယ်လို့။ အရင်တုန်းကလိုပဲ မှန်မှန်ကန်ကန်နဲ့ ညီညီညာညာနဲ့ပဲ ရှေ့ဆက်ပြီး တိုက်ပွဲဝင်သွားကြဖို့ ပြောချင်ပါတယ်။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here