ဂန့်ဂေါမြို့နယ် စစ်ကောင်စီ ရဲကင်း ၂ ခု ကို ABSDF ဝင်ရောက်တိုက်ခိုက်

0
291

စစ်ကောင်စီ၏ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းနှင့် ရှမ်း (မြောက်) မိုးမိတ်မြို့နယ်ရှိ ကျောက်မောရွာ ရဲကင်းစခန်းများကို ABSDF အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း ရဲသား ၇ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျောက်မောရွာက ရဲကင်းစခန်းကို မေလ ၂၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက် စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက်နေ့ ညပိုင်းက လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ABSDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

“ကျောက်မောစခန်းကို ၂၄ မနက် ၆ နာရီ ၁၅ မိနစ်လောက်က ဝင်စီးတာ၊ နာရီဝက်လောက်ကြာတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ ရဲတချို့သေတယ်။ စခန်းမှာရှိတဲ့ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်”

ကျောက်မောရွာ တိုက်ခိုက်သိမ်းပိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး BA – 63 (G – 3) ၄ လက်၊ BA – 64 (G – 4) ၁ လက်၊ BA – 93 Uzi ၁ လက်၊ ကျည်ကတ် ၉ ကတ်၊ ကျည် ၆၅၀ တောင်နှင့် လက်ပစ်ဗုံး ၃ အပါ အဝင် ရဲအသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပြောဆိုသည်။

တောင်ခင်ရန်း ရဲစခန်းကို ABSDF Column – 3 ၊ အမှတ် (၁၂) တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ၊ ဒေသခံ PDF များနှင့် ပကဖ များနှင့် ပူးပေါင်းကာ သွားရောက် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“အဲ့ဖြစ်စဉ်မှာတော့ သေတာတွေ၊ ထိခိုက်ဒဏ်ရတာတွေကိုတော့ အဖွဲ့ကိုယ်တိုင်မမြင်တွေ့ခဲ့ရဘူးဗျ။ ပြောရရင် အတွင်းသတင်းပေး ပြောချက်အရ သိရတာ” ဟု ABSDF Column – 3 ရဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်း ဖြစ်စဉ်၌ တောင်ခင်ရန်း ရဲစခန်းက စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး အရာရှိ (၁) ဦး ခြေထောက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့၍ ခြေတောက်ဖြတ်တောက်ခဲ့ရကြောင်း သိရှိရသည်။

ကျောက်မောဂိတ်တွင် စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့များက ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့် အနီးပတ်ဝန်းက လုပ်ငန်းရှင်များအား အတင်းအဓမ္မ ငွေကြေးတောင်းခြင်း၊ ၎င်းတို့၏ ရိက္ခာ အတွက် အတင်းတောင်း ယူခြင်းများအား ပြည်သူများတိုင်ကြားမှုကြောင့် သွားရောက် ရှင်းလင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း Northern ABSDF က ထုတ်ပြန်ပြောဆိုထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here