ဗန်းမောက်မြို့နယ် နောင်ကန်ရွာမှာ စစ်ကောင်စီတပ်၏ ဗုံးကျဲခံရပြီး အရပ်သားနှစ်ဦး သေဆုံး

0
398

ဗန်းမောက်မြို့နယ်အတွင်းရှိ ဒေသအခေါ် (အနောက်တန်းငါးရွာ) တွင်ပါဝင်သည့် နောင်ကန်ရွာအတွင်းကို မေလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရသည်။

“ည ၉ နာရီ ၁၅ မိနစ်မှာ၊ ဘုရားမှာ နှစ်လုံးပေါ့၊ ဘိုးတော်ကြီးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်၊ ကောင်မလေးက ၂၆ လောက်ရှိမယ်” လို့ အနောက်တန်းငါးရွာ ဒေသခံတစ်ဦးက ဗုံးကျဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပြောဆိုသည်။

စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့်ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူသည် နောင်ကန်ရွာသား အသက် ၆၆ အရွယ် ဦးဘသောင်းနှင့်၊ အသက် ၂၆ နှစ်အရွယ် မစန္ဒာဝင်းတို့ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဂျက်ဖိုက်တာ၏ ဗုံးသုံးလုံးကျချခဲ့ပြီး နောင်ကန်ကျေးရွာအတွင်းရှိ ဘုရားကုန်းတွင် နှစ်လုံး၊ ကျေးရွာအတွင်းတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) နှင့် ဒေသခံကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေဟာ အနောက်တန်းငါးရွာအတွင်းကို ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလအတွင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်များက ပူးပေါင်းတပ်များရှိနိုင်သည်ဟု ယူဆကာ ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရသည်။

အနောက်တန်းငါးရွာအတွင်းမှာ မံနား၊ နောင်ကန်၊ ပါပျဉ်းခမ်း၊ ဝှေမံကော်၊ နောင်ကွက် စတဲ့ကျေးရွာတွေပါဝင်ပြီး ဗန်းမောက်မြို့၏ အနောက်ဘက်တွင်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

ဗန်းမောက်အနောက်ဘက်ဒေသများတွင် စစ်ကောင်စီက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ၅ ရက်အတွင်း ဗုံးကျဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သတင်းမှတ်တမ်းတွေအရ သိရသည်။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here