နောင်ချိုမြို့နယ် ကုန်းသာရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်ပြီး ကျေးရွာအတွင်း ပိတ်မိနေ

0
203

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကုန်းသာကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကြီးအဆ ထိမှန်ထားပြီး ကျေးရွာထဲ ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာ အမျိုးသားတစ်ဦးသည် ဧပြီလ ၂၀ ရက်နေ့၊ ညနေပိုင်း ၃ နာရီခွဲအချိန်ခန့်တွင် ရွာအနီးရှိ တောင်ယာတဲထဲအတွင်းရှိနေစဉ် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။

ကုန်းသာကျေးရွာခံမှ ဒေသခံအမျိုးသားတစ်ဦးက “ဟုတ်ပါတယ်။ ကျေးရွာမှာ သူက လက်နက်အစ တွေ ထိ သွားတယ်။ သေဆုံးတာတော့မျိုးတော့ မဟုတ်ဘူး။ မသေဘူးပေါ့။ နည်းနည်းလေး ထိမှန်သွားတယ်။ လမ်း တော့ လျှောက်လို့လည်း ရသေးတယ်” ဟု ပြောသည်။

လက်နက်ကြီးအဆတွေ ထိမှန်သွာတဲ့ အမျိုးသားဟာ ဦးအိုက်စိုး အသက် ၂၆ နှစ် ရှိသူဖြစ်ပြီး တင်ပါးနှင့် ခါးနေရာတို့တွင် ထိမှန်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာအတွင်းတွင်လည်း ဒိုးပင်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့်အတွက် စစ်ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် အခြားသောရွာသားများ အနေဖြင့် လက် နက်ကြီးကျည်စ ထိမှန်သူ ဦးအိုက်စိုးကို သွားကယ်ထုတ်နိုင်ရေး အဆင်မပြေဘူးဟု ပြောသည်။

ထို့အကြောင့် လက်ရှိအချိန်ထိ ဦးအိုက်စိုးမှာ ကုန်းသာကျေးရွာအနီးရှိ ၎င်း၏ တောင်ယာထဲတွင် ပိတ်မိနေပြီး ၎င်းအား ဆေးကုသမှု ပေးနိုင်ရေးအတွက် သွားရောက်ခေါ်ယူရန်လည်း မသွားရဲကြဘူးဟု အခြား ဒေသခံများက ပြောသည်။

ဒိုးပင်ရွာခံ အမျိုးသားတစ်ဦးက “ရွာက ရွာခံတွေက ဘယ်သူမှမရှိဘူး။ လက်နက်ကြီးက ညောင်ပင်ကိုထိပြီး ကွဲသွားတာ။ အဲ့လိုကွဲပြီး သူတဲထဲ အိပ်နေချိန် သူ့ကိုသွားထိတာ။ ကျွဲနှစ်ကောင်လည်း သေသွားတယ်ပြောတယ်။ ပြီးတော့ ရွာထဲမှာ စစ်တပ်ရောက်နေတော့ ရွာခံတွေ မသွားရဲဘူး” ဟု ပြောသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး PDF တို့အကြား ဧပြီလ ပထမပတ် ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားကြပြီး စစ်ကောင်စီက ရဟက်ယာဥ်နှင့်ပါ လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တပ်တို့ အကြားက တိုက်ပွဲများကြောင့် ဟိုခို၊ ကုန်းကြီး၊ ရေဦး၊ ဟိုခဲ၊ ဒိုးပင်၊ လုံခံ၊ ကြံခင်း၊ ကုလားကွဲနှင့် ကုန်းသာကျေးရွာ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ယခုနှစ် ၂၀၂၃ ခုနှစ်ထဲတွင် နောင်ချိုမြို့နယ်အတွင်း စစ်တပ်နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ အကြိမ်ရေပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် ကလေးငယ် သေဆုံးမှုများ ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here