ဖားကန့်မြို့နယ်အတွင်း ကျေးရွာ မီးရှို့ကာ အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးသွား

0
268

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာအား မီးရှို့ခဲ့သည့်အပြင် ပြည်သူ ၁၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်း ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

တပ်မ ၃၃ လက်အောက်ခံ ရွှေဘို ခလရ ၁၁ စစ်ကြောင်းက ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်မှ စတင်၍ မှော်ပုံကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ရွာသားများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “မှော်ပုံကို မီးရှို့တာ။ မှော်ပုံက ဆန်ခါနဲ့ နီးတာ။ လုံးခင်းနားကလေ။ ရင်း ၆ နဲ့ အပေါ်အောက်ပေါ့နော်။ လေယာဉ်ပဲ ကြောက်တာ။ မီးရှို့တာတွေ ဘာတွေလုပ်တယ်။ ကျနော်တို့ လူတွေ ကယ်ဖို့လုပ်တာ မရဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းသည် မှော်ပုံကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားများကိုလည်း ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆက်ပြောသည်။

မြေပြင်တွင် ရှိနေသည့် PDF တာဝန်ရှိသူတစ်ဦးက “ဟိုးတနေ့က နမ့်ယားနားကနေ တက်လာတဲ့ဟာတွေလေ။ အများကြီးပဲ။ အခုရွာထဲ ရောက်လာတာ။ လက်နက်ကြီးနဲ့လည်း လေးလုံးပစ်ပြီးသွားပြီ။ ဖားကန့်ဗျူဟာကုန်းကနေ။ အင်အားကတော့ ရာပိုင်းတော့ ရှိမှာပေါ့အေ။ မှော်ပုံ လမ်းသွယ် ၉ ကို မီးစရှို့တာ။ လူတွေကိုက လူသားဒိုင်း လုပ်ထားတာ။ ဆန်ခါရွာထဲမှာလည်းရှိတယ်။ မှော်ပုံရွာထဲမှာလည်းရှိတယ်။ ချောင်းလေးပဲ ခြားတယ်။ ပြည်သူ အင်အားက ၁၀၀ လောက်ရှိတယ်” ဟု ပြောသည်။

ယခုမှော်ပုံကျေးရွာအား မီးရှို့ခြင်း၊ ရွာသားများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီလက်အောက်ခံ ခလရ ၁၁ စစ်ကြောင်းသည် နန့်တိမ်းဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ က လမ်းတွင် ပိတ်ဆို့ပစ်ခတ်ခဲ့၍ အထိနာခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု အထက်ပါ PDF တာဝန် ရှိသူက ဆက်ပြောသည်။

ခလရ ၁၁ စစ်ကြောင်းသည် KIA တပ်ရင်း ၆ နယ်မြေထဲသို့ အတားအဆီး မရှိဝင်လာလျှက်ခဲ့ပြီးနောက် ပြည်သူများကို ဓားစာခံ လူသားဒိုင်းအတွက် ဖမ်းဆီးသွားသည့်အပြင် ပြည်သူပိုင် အိုးအိမ်များကိုပါ ဖျက်ဆီးနေသောကြောင့် ပြည်သူများ စိုးရိမ်နေကြသည်။

ဖားကန့် မှော်ဘုံကျေးရွာကို ဝင်စီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူ ၁၀၀ နီးပါးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူအချို့ကို ရိုက်နှက်နေသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းခံထားရသည့် အရပ်သား ပြည်သူ ၁၀၀ နီးပါးထဲ လူငယ်နှင့် လူလတ်ပိုင်းအရွယ်များသာ အများဆုံးပါဝင်ပြီး ၎င်းပြည်သူများကို ကြိုးတုတ်ကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧပြီလ ၂၁ ရက်နေ့တွင် စစ်တပ်က မှော်ဘုံကျေးရွာကို ဝင်စီးချိန်တွင်လည်း ကျေးရွာထဲသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် အရပ်သားပိုင် အိမ်တစ်လုံးနှင့် ရုံးအဆောက်အအုံ တစ်ခုကိုလည်း မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here