ကရင်နီဒေတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များ အရေးနိမ့်နေဟု ဆို

0
206

ကရင်နီ (ကယား) ပြည်နယ်အတွင်း နယ်မြေများ ပြန်လည်ရယူနိုင်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် မြေပြင် ဝေဟင် ထိုးစစ်ဆင်နေသော်လည်း ဆုံးရှုံးမှုသာ ရင်ဆိုင်နေရသည်ဟု ကရင်နီ အင်အားစုများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများမှာ နှစ် နှစ်ကျော် သုံးနှစ်ထဲ ရောက်လာချိန် ကရင်နီပြည်နယ်အတွင်း အဓိကစစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်၏ အဆိုးရွားဆုံး အရက်စက်ဆုံးဟု နာမည်ကြီးသည့် တပ်မ ၆၆ မှာ ဖွဲ့စည်းပုံပျက်သွားသည်အထိ ဖြစ်သွားခဲ့သည်ဟု KNDF ၏ အတွင်းရေးမှူး-၂ လည်းဖြစ်၊ ဒု-စစ်ဦးစီးချုပ်လည်းဖြစ်သူ မာဝီ က ပြောသည်။

“ဒီ ၂၀၂၃ စလာတဲ့အချိန်မှာကတော့ တော်တော်လေး သူတို့ရဲ့ဖွဲ့စည်းပုံတွေက ပျက်တယ်။ ကျနော်တို့ ကရင်နီမှာ ဆိုလို့ရှိရင်တော့ တပ်မ ၆၆ ရဲ့ တပ်ရင်းအချို့က ဖွဲ့စည်းပုံပျက်ပြီးတော့မှကို နောက်တန်းပြန်ရတဲ့အထိ ပြန် လည် ဖွဲ့စည်းရတဲ့အထိကို ဖြစ်ခဲ့တဲ့ အခြေအနေတွေလည်း ရှိတယ်ပေါ့။ သူတို့ရဲ့ တပ်ရင်းမှူးတွေအထိ သေကြေ ရတာလည်း ရှိတယ်ပေါ့။ သူတို့ဆီကနေ ထွက်ပြေးလာတဲ့သူတွေဆီကနေ ဒီသတင်းအချက်အလက်တွေ ရတာ တွေရှိတယ်။”

ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ မြို့နယ်များထဲ စစ်တပ်က စစ်မျက်နှာပြင် ၅ ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယခုနှစ် မတ်လမှ စတင်ပြီး လက်ရှိ အချိန်ထိ လုပ်နေခြင်းဖြစ်သည်ဟု ကရင်နီတော်လှန်ရေး အင်အားစု တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA တို့အကြား တိုက် ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို လွိုင်ကော်နှင့် ဘောလခဲမြို့နယ် များ ဘက်မှ နှစ်ဖက်ညှပ်ကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် နှစ်နှစ်တာ ကာလအတွင်း ကရင်နီတော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ တပ် မ ၆၆ တပ်ရင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ် ၎င်းတို့၏ နယ်မြေများ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်ဟု KNDF ဒု-စစ်ဦးစီးချုပ် မာဝီ က ဆက်ပြောသည်။

“ကရင်နီမှာဆိုရင်တော့ ၂၀၂၁၊ ၂၀၂၂ မှာကတော့ ကျနော်တို့ သူတို့ရဲ့ လှုပ်ရှားစစ်ကြောင်းတွေ ဖြစ်တဲ့ တပ်မ ၆၆၊ ဒီပဲခူးတို့၊ အင်းမတို့ ပြည်တို့ အဲ့ဒီဘက် ဒေသကနေပြီးတော့ လာတဲ့တပ်မနဲ့ ကျနော်တို့တွေ ရင်ဆိုင်တွေ့ရတယ်။ ဒီမှာတခုထောက်ပြချင်တာက သူတို့က အကြမ်းဆုံး အရမ်းဆုံးလို့ သတင်းထွက်တာပေါ့လေ။ တပ်မ ၆၆ သည် စစ်ကောင်စီရဲ့တပ်တွေထဲမှာ အကြမ်းဆုံးအရမ်းဆုံးဖြစ်တယ်။ ဒါနဲ့ ကျနော်တို့ ကရင်နီတော်လှန်ရေး အင်အားစုတွေက ရင်ဆိုင်ရတဲ့ အနေအထားမျိုးခဲ့တယ်ပေါ့နော်။ သို့သော်လည်း ကျနော်တို့မှာ ဒီလူတွေကို ရင်ဆိုင်နိုင်ခဲ့တဲ့ အနေအထားတွေ အများကြီးရှိတာပေါ့လေနော်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာလာသည့်အချိန် ကရင်နီပြည်နယ်ထဲ နယ်မြေ ၆၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်တပ်က မြို့တွင်း အနီးဝန်း ကျင် ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းထားနိုင်တယ်သည်ဟု KNDF ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ခွန်းဘီထူးက ပြောသည်။

“၆၀ ရာခိုင်နှုန်းကို ကျနော်တို့က ထိန်းချုပ်ထားတယ်ပေါ့နော်။ အဲ့ဒီဟာတွေ အားလုံးက ကျေးလက်တွေကို အခြေပြုတယ်။ မြို့အပြင်ဘက် မြို့နဲ့ ၅ မိုင်၊ ၆ မိုင်အကွာလေးမှာ ကျနော်တို့က ထိန်းချုပ်ထားတယ်ပေါ့နော်။ ပြီးခဲ့တဲ့ တပတ်ဆိုရင် လွိုင်ကော်မြို့ရဲ့ ၆ မိုင်အကွာ ကုန်းသာရွာမှာ တိုက်ပွဲတွေဖြစ်တယ် စစ်ကောင်စီ အများ အပြားကျတယ်။ သူ့ရဲ့ တပ်ရင်းမှူးကိုယ်တိုင်က လောလောဆယ် အချုပ်ကျနေတယ်။ ဒီလိုမျိုးဖြစ်ပြီး ကျနော် တို့က ၆၀ ရာ ခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ဟာပေါ့နော်။ စစ်ကောင်စီက မြို့တွင်းပေါ့နော်။ စစ်ကောင်စီက သူ့ရဲ့ ကင်းစခန်းတွေနဲ့ မြို့ကို အားပြုပြီးမှ နေတယ်ဆိုတော့ အဲ့မှာ ၂၀ ရာခိုင်နှုန်းက သူတို့က ထိန်းချုပ်ထားတုန်းပဲ။ ပြီးရင်တော့ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းသောမြေတွေကတော့ စစ်မြေပြင်ဖြစ်တဲ့နေရာပေါ့နော်။ ဘယ်သူမှလည်း နေလို့မရဘူး။ ဘယ်သူမှ လည်း မထိန်းချုပ်ဘူးပေါ့နော်။”

စစ်တပ်က တိုက်ပွဲများထဲ အထိနာလာသည့်အခါမျိုးတွင် ၎င်းတို့ ထိုးစစ်ဆေင်နေသည့် ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်များထဲက ပြည်သူများ၏ အိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် လက်နက် ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များနှင့်ပါ တိုက်ခိုက်ခြင်းတို့ကို ပြင်း ပြင်းထန်ထန်လုပ်လာသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီတော်လှန်ရေး အင်အားစုများက စစ်ကောင်စီကို လက်ရှိအနေအထားထက် ပိုမိုတွန်းလှန်နိုင်မည် ဆိုပါက စစ်တပ်လက်ထဲ ကျန်သေးသည့် နယ်မြေ ၂၀ ရာခိုင်နှုန်းကိုပါ ပြန်လည်ရယူနိုင်မှာဖြစ်ပြီး စစ်ဘေးရှောင်နေရ သည့် ကရင်နီပြည်သူများကိုလည်း ကူညီနိုင်မှာဖြစ်သည့်အပြင် အားလုံးလိုချင်နေသည့် တန်းတူအခွင့်အရေး၊ ဖက်ဒရယ် အခွင့်အရေးများကိုပါ ဖော်ဆောင်နိုင်မှာ ဖြစ်သည်ဟု ခွန်းဘီထူးက ပြောသည်။\

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here