စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

0
195

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ မတ်လ (၂၅) ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ မတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ပုလောကုန်းကျေးရွာကို ကား ၃ စီးနဲ့ အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်ပါ ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်း တပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲဟာ မတ် ၂၅ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ပုလောတိုက်ပွဲကြောင့် ပုလောကုန်း၊ နတ်အိမ်တောင်နဲ့အနီးအနားရွာက ဒေသခံရာချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့ကလည်း ပုလောမြို့နယ် မင်းထိန်ရွာနဲ့ပဝတ်ဖျားကျေးရွာကြားမှာ တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ပုလောမြို့နယ်ထဲမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here