ရေး-ထားဝယ်လမ်းမပေါ်ရှိ မြစ်ကူးတံတားကြီးဂိတ်ကို ရေဘီလူးအဖွဲ့ ဝင်တိုက်

0
341

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ် ရေး-ထားဝယ်လမ်းမပေါ်၊ ရေးမြစ်ကူးတံတားကြီးပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့အထွက်က စစ်ကောင်စီ တံတားကြီးဂိတ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေးဒေသခံတစ်ဦးက “မနက်အစောကြီးပဲ တံတားကြီးစစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်တယ်၊ လက်နက်ကြီး တွေရော လက်နက်ငယ်တွေရော အကြိမ်ရေအတော်များတယ်။ နာရီဝက်လောက်ရှိမယ် ပစ်နေကြတာ။ ထိခိုက်မှု ဘာညာတော့ အမျိုးမျိုး ပြောနေကြတယ်။ သေချာတော့ မသိဘူး။ တံတားကြီးဂိတ်မှာ ပစ်ခတ်မှု မကြာခဏဖြစ်နေတယ်” ဟု ပြောသည်။

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ရေးဘီလူးအဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အခြေအနေအသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင်မူ ရေးတံတားကြီးဂိတ်ဖြစ်စဥ်တွင် ရေးဘီလူးဘက်က ၁ ဦး သေဆုံးပြီး M-79 ဗုံးပစ်လောင်ချာ တစ်လက်သိမ်းဆည်းရမိထားကြောင်း ဝါဒဖြန့်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်လည်း ရေးမြစ်ကူးတံတားကြီစစ်ဆေးရေးဂိတ်ကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO မှ ဗုံးလောင်ချာဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြစ်ကူးတံတားကြီး စစ်ဆေးရေးဂိတ်ကို ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်ကလည်း လုံခြုံရေး တိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောပြသည်။

NMG -ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here