ဘုတ်ပြင်းမြို့နယ်အတွင်း ခရီးသည်တင်ကား ပစ်ခတ်ခံရသဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံး

0
191

ဘုတ်ပြင်းမြို့နယ်ထဲတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးသေဆုံးသွားသည်။

ကော့သောင်းမှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ရွှေညီကို ခရီးသည်တင်ယာဉ်လိုင်း ယာဉ်ကားနံပတ် 2Q / 6341 သည် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ခဲချောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်ခံ ရခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ကားကို စစ်ဖို့တားတာ အဲ့ဒါမရပ်ပေးတော့ သေနတ်နဲ့ပစ်ခံရတာ ပါ။ ကလေးတစ်ယောက်သေတယ်။ နောက်ပြီး အသက် ၂၀ ကျော် အမျိုးသမီးတစ်ယောက်လည်း သေတယ်” ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်က အန်စာတုံး ခရီးသည်တင် (ဗင်ကား) ကားတစီး သေနတ်ဖြင့် ပစ်ခတ် ခံရပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် မဝေယံစိုး အသက် ၂၁ နှစ်နှင့် အသက် ၇ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးတို့ သေဆုံးသွားခဲ့သည်။

ကရသူရိမြို့မှ မင်္ဂလာဆောင်ပွဲပြီး၍ မြိတ်မြို့သို့ လမ်းကြုံပြန်လိုက်လာစဉ် လမ်းခရီး၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများမှ မဝေယံစိုးသည် မိတ်ကပ်အလှပြင် သင်တန်းသူတစ်ဦးဖြစ်ပြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မိုင်းတွေးကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြသည်။

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကားကိုစစ်ဆေးရန် တားဆီးစဉ် ရပ်မပေးဘဲ ဆက်လက်မောင်းထွက်သွားသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုအား ဖေဖေါ်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းအချိန်ထိ မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သည် ဆိုသည်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

သို့ရာတွင် လူ ၂ ဦးသေဆုံးခဲ့သည့် ရွှေညီကို ယာဉ်လိုင်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်မှုလုံးဝ (လုံးဝ) မရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းက ကြေငြာ ချက်အမှတ် ၄/၂၀၂၃ ဖြင့် အသိပေး ထုတ်ပြန်ထားသည်။

ခရီးသွားပြည်သူများ အနေဖြင့် မဖြစ်မနေ လိုအပ်မှသာ ခရီးသွားလာကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ ရန်ကိုလည်း သတိပြုသွားလာကြရန် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here