ချမ်းမြသာစည်မြို့ပေါ်ရပ်ကွက် ရာအိမ်မှူးဖြစ်လာသူ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

0
233

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ရာအိမ်မှူးအဖြစ်သို့ ရာထူးတိုးသွားသည့် ပျူစောထီးခေါင်းဆောင်အား မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရှင်းလင်းလိုက်သည်ဟု မြို့ခံပြည်သူများက ပြောသည်။

မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၏ ရာအိမ်မှူးအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အောင်စည်တော်စစ်ဆင်ရေး (AST-MDY) မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ သည်ဟု တာဝန်ရှိသူများက ပြောသည်။

AST-MDY ပျောက်ကြားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ရှင်းလင်းလိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ လက်နက်ကိုင်ဆောင်တဲ့ ရာအိမ်မှူး ဖြစ်နေတာရယ်။ ပျူသင်တန်း ဆင်းထားတာရယ်ကြောင့်ပါပဲ။ လက်နက်ကိုင်ဆောင်ထားတော့ ပြည်သူတွေအတွက် အန္တရာယ်ရှိနိုင်လို့ပါ” ဟု ပြောသည်။

၎င်းသည် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ထွက်လာပြီးနောက် ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီး အရှေ့မုဒ်လမ်း၊ ၇၉ လမ်းနှင့် ပညာပျိုးခင်းထောင့်နေရာတွင် ရှင်းလင်းခံလိုက်ရခြင်း ဖြစ်သည်။

၎င်းမှာ ပစ်ခတ်ခံရစဉ် ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

အဆိုပါ စစ်ဆင်ရေး အောင်မြင်ပြီးနောက်တွင် AST-MDY ပျောက်ကြားတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းထံမှ မီးကျိုးမောင်းပျက် ပစ္စတို လက်လုပ်ပွိုင့် ၂၂ တစ်လက်၊ ကျည် ၁၅ တောင့်၊ ငွေ ကျပ် ၃ သိန်းကျော်နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပစ်ခတ်ရှင်းလင်းခံရသူမှာ အသက် ၅၀ အရွယ် ဦးဇော်ဝင်းထွန်းဖြစ်ပြီး ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်မှ ရာအိမ်မှူးအဖြစ်သို့ စစ်ကောင်စီရာထူးတိုးပေးထားသည့် ပျူစောထီးခေါင်းဆောင် ဆယ်အိမ်မှူးဟောင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ၎င်းမှာ စစ်ကောင်စီတပ်များနှင့်ပေါင်း၍ ကျူးကျော်နေအိမ်များကို ဖျက်ဆီးခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများအကြောင်း သတင်းပေးခြင်း၊ စစ်ကောင်စီထံသို့ ဆက်ကြေး အခွန်ပေးသွင်းရန် လောင်းကစားဝိုင်းများကို ဦးဆောင်လုပ်ကိုင်နေခြင်း စသည့်လုပ်ရပ်များကိုလည်း ကျူးလွန်ထားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ရွှေဘုန်းရှိန် ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက “ဒီကောင် ယုတ်မာတဲ့အကြောင်း ပြောရရင်တော့ ပြောမကုန်ပါဘူး။ မီတာခတွေဆောင်ဖို့ ခြိမ်းခြောက်တယ်။ မဲစာရင်းကောက်တယ်။ သေနတ်တကားကားနဲ့ ခြိမ်းခြောက်တယ်။ အခုလို ရှင်းလင်းပေးတဲ့ PDF တွေကို ကျေးဇူးအရမ်းတင်တယ်” ဟု ပြောသည်။

AST-MDY ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇန္နဝါရီလ နောက်ဆုံးပတ်ကတည်းက စစ်ကောင်စီ ထောက်တိုင် များကို စတင်ရှင်းလင်းခဲ့ပြီး ၎င်းတို့ ရှင်းလင်းခဲ့သည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီးတို့ စုစုပေါင်း ၄ ဦး ရှိပြီဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here