ကချင်နှင့် ရှမ်းတိုင်းရင်းသားအကြား လူမျိုးရေးသွေးထိုးမှုများကို သတိပြုကြရန် KIO ဥက္ကဌ တိုက်တွန်း

0
157

သမိုင်းကြောင်းတစ်လျှောက် အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ကချင်နှင့် ရှမ်းတိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပွားအောင် လုပ်ဆောင်နေသည်များကို သတိပြုပြီး အဖိနှိပ်ခံဘဝက အတူတကွရုန်းထွက် ကြဖို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌက ၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက “ကချင်မျိုးနွယ်စုတွေနဲ့ အတူနေလာခဲ့တဲ့ ရှမ်းတိုင်းရင်းသားတွေကို လည်း စကားပါး မှာကြားချင်ပါတယ်။ လူမျိုး ကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ အစိုးရအဆက် ဆက်က ကျနော်တို့ အတူတကွ ယှဉ်တွဲနေ ထိုင် လာခဲ့တာကို သွေးကွဲအောင်၊ ညီညွတ်မှု မရှိတော့အောင် သွေး ထိုးလှုံ့ဆော်ခဲ့တဲ့အတွက် အတူတူနေလာတဲ့ တို့ မျိုးနွယ်စုတွေအကြား အချင်းချင်းကြား နားမလည်ကြတော့ တာမျိုးတွေ၊ သဘောထားကွဲလွှဲတာတွေ ဖြစ်လာ ခဲ့ပါတယ်။ ဒီလို ဖြစ်အောင်လုပ်ခဲ့တဲ့ တရားခံက ဘယ်သူ ဖြစ် တယ်ဆိုတာကို သေသေချာချာ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်” ဟု ပြောသည်။

၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းကို ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည့်အပြင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ဖတ်ကြားပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက “ကျနော်တို့အားလုံးဟာ အဖိနှိပ်ခံခဲ့ရတဲ့ သူတွေဖြစ်တယ်။ အခု ဒီလိုအခြေအနေမျိုးမှာ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်လာဖို့အတွက် အားလုံး ပါဝင်ကြိုးစားရမယ့် အချိန်ရောက်နေပြီဆိုတာကို သတင်းစကားပါး မှာကြားပါရစေ” ဟု ဆက်ပြောသည်။

စစ်အစိုးရအဆက်ဆက်က ကချင်နှင့် ရှမ်းတိုင်းရင်းသားများအကြား အချင်းချင်း သွေးကွဲအောင်၊ ညီညွတ်မှုပျက်ပြားအောင်၊ ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်နေသည့် ဘုံရန်ဖြစ်ကြောင်းနှင့် မျိုးနွယ်စုအားလုံးသည် စစ်အစိုးရ အဆက်ဆက်၏ ဖိနှိပ်မှုကို ခံနေရသူများဖြစ်သောကြောင့် ယခုချိန်သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ကြွေးကြော်ကာ လက်တွဲလုပ်ဆောင်နိုင်သည့် အခြေအနေရောက်ပြီဟုလည်း ထည့်သွင်းပြောကြားထားသည်။

စစ်ကောင်စီသည် လက်ရှိတွင် အဖက်ဖက်က အကြပ်အတည်း ရောက်ရှိနေချိန်ဖြစ်သောကြောင့် မိမိတစ်ဦး တစ်ဖွဲ့တည်းအားဖြင့် ချေမူန်းတိုက်ထုတ်နေမည်ဆိုလျှင် ရန်သူကို ချေမူန်းနိုင်မည် မဟုတ်ကြောင်း အဖိနှိပ်ခံ တိုင်းရင်း သား ပြည်သူများ၊ တော်လှန်အင်အားစုများအားလုံး ညီညွတ်ဖို့ အလွန်အရေးကြီးကြောင်း ထောက်ပြထားသည်။

စစ်ကောင်စီက အခြားတဖက်တွင် ငြိမ်းချမ်းရေးဟု ကမ္ဘာကို ကြွေးကြော်ပြောဆိုကာ စစ်ရေးဗျူဟာနည်းဖြင့် တောင်ပေါ်နေ တိုင်းရင်းသားလူမျိုးစုများကို အမြစ်ပြတ်တိုက်နေသည့်အပြင် ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ချုပ်ချယ်နေသည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်သည် စစ်ကောင်စီ၏ အလွန်အရေးကြီးသောနှစ်ဖြစ်ကြောင်း၊ စစ်တပ်က သိမ်းပိုက်ထားသည့် နိုင်ငံ့အာဏာကို ရွေးကောက်ပွဲကျင်းပကာ တရားဝင် ဖော်ဆောင်သွားနိုင်ရေး အစွမ်းကုန် ကြိုးစားလိမ့်မည်ဟု မြင်မိပါကြောင်း၊ တိုင်းသူပြည်သားများ အားလုံးက သတိနှင့် စောင့်ကြည့်ကြဖို့လည်း မိန့်ခွန်း၌ ပါရှိသည်။

ကချင်တိုင်းရင်းသားများသည် စစ်အာဏာရှင်အဆက်ဆက်အား နှစ်ပေါင်းများစွာကြာ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြသည့်အပြင် နွေဦးတော်လှန်ရေးတွင်လည်း မတရားမှုကိုလက်မခံဘဲ အာဏာရှင်စနစ်ချုပ်ငြိမ်းကာ တန်းတူညီမျှ မှုအတွက် အခြားညီနောင် တိုင်းရင်းသားများနှင့်အတူ ဦးဆောင်ကဏ္ဍမှ တိုက်ပွဲဝင်နေသည်မှာ ဂုဏ်ယူလေးစားဖွယ်ကောင်းလှပါသည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပေးပို့သည့် သဝဏ်လွှာထဲတွင် ရေးသားဂုဏ်ပြုထားသည်။

KIO/KIA (၆၂) နှစ်ပြည့် တော်လှန်ရေးအထိမ်းအမှတ်နေ့ကို KIO ဌာနချုပ် လိုင်ဇာတွင် ခရစ်ယာန်ဘာသာဖြင့် ဆုတောင်းဝတ်ပြုခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့သည့်အပြင် အနီးအနားရှိ စစ်ရှောင်စခန်းများတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here