29 မတ် 2024 /

See today's Peace Related News

ထီးလင်းမှာ အရပ်ဝတ်စစ်ကောင်စီထောက်လှမ်းရေးတွေ ဖမ်းဆီးချိန်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရဟုဆို

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အရပ်ဝတ်နဲ့ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီထောက်လှမ်းရေးတွေကို ဖမ်းဆီးရမိချိန်မှာ ထွက်ပြေးတာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ YRA ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၇) ရက်နေ့ က Yaw Revolution Army ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သူတို့တွေဟာ ဂန့်ဂေါအခြေစိုက် ခလရ (၅၅) က တပ်သား (၂) ဦးနဲ့ ထီးလင်းမြို့ပေါ် ပျူစောထီးအသိုင်းအဝိုင်းက အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“ စစ်ဆေးတဲ့အချိန် ကြန့်ကြာလာတဲ့အတွက် သူတို့ကို နားလည်မှုနဲ့ အေးဆေးနေမယ်ဆိုလို့ရှိရင် နှိပ်စက်တာတွေမလုပ်ဘူးဆိုပြီး ညှိလိုက်တော့အဆင်ပြေတယ်ဗျ။ အဲဒါနဲ့ ကြိုးတွေဖြည်ပေးပြီး ထမင်းကျွေးလိုက်တယ်။ ထမင်းကျွေးပြီးတဲ့အခါမှာ အကဲခပ်တဲ့အနေနဲ့ ခဏရှောင်ပေးလိုက်တဲ့အခါမှာ ရုတ်တရက်ထွက်ပြေးသွားတာဗျ။ အဲဒါနဲ့ လက်နက်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတာပါဗျ။” လို့ သခင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်ဖမ်းဆီးချိန်မှာ (၂) ဦး ပွဲချင်းပြီးသေဆုံးကာ ကျန် (၁) ဦးမှာတော့ သေနတ်ဒဏ်ရာကို ကုသပေးနေစဉ် သေဆုံးသွားခဲ့တယ်လို့ သူက ပြောပါသေးတယ်။

ဖမ်းဆီးပစ်ခတ်ခံလိုက်ရတဲ့သူတွေဟာ မိန်းမခိုးပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့သုံးဦး ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းမြို့ ဝင်/ထွက်တွေမှာ စစ်ဆေးတာ၊ မြို့ပေါ်က ပြည်သူတွေကို စစ်ဆေးတာနဲ့ ရှင်းလင်းခံလိုက်ရတဲ့ ပျူစောထီးအမျိုးသမီးရဲ့ မိသားစုဝင်တွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

YRA – ထီးလင်းက သေဆုံးသွားသူတွေကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထီးလင်းမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး အရပ်ဝတ်နဲ့ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီထောက်လှန်းရေးတွေလည်း လှုပ်ရှားနေကြတဲ့အတွက် ပြည်သူတွေအနေနဲ့ မသင်္ကာဖွယ်ရာတွေတွေ့ရှိရင် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေကို အကြောင်းကြားဖို့ YRA-ထီးလင်းက အသိပေးထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။