ထန်တလန်မြို့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်

0
161

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၂ နာရီခန့်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ လက်နက် ၄၀ ကျော်လည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ထန်တလန်မြို့ပေါ် ဇုန်မွှန်ရပ်ကွက်က ရဲတပ်ဖွဲ့စခန်းကို ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီအချိန်တွင် ဝင်စီးကာ မနက် ၂ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ထန်တလန်မြို့ ရဲစခန်းပေါ့ အဲဒီရဲစခန်းမှာ စစ်ခွေးတွေနဲ့ ရဲတွေပေါင်းနေတယ် အင်အား ၄၀ ခန့်ရှိတယ် အဲဒါကို ကျနော်တို့က ည ၉ နာရီကနေ ဝင်စီးတာ မနက် ၂ နာရီမှာ ကျနော်တို့ နေရာဝင်ယူနိုင်ခဲ့တယ် အဲဒီမှာ လက်နက် ၄၀ ကျော်ရတယ် သူတို့ဘက်က ၄ ယောက်တော့ အလောင်းတွေကောက်ရတယ် ကျန်တဲ့ဟာတွေကတော့ ထွက်ပြေးတယ် အခု တောထဲမှာ ကျနော်တို့ လိုက်ရှာနေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက် ၄၀ ကျော်၊ ဗုံးနှင့် ဒုန်းပစ်ချသည့် လက်နက်များ သိမ်းဆည်းခဲ့သည်။

ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ဒု-ဗိုလ် Aa Thang ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထန်တလန်မြို့ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ယနေ့မနက်ပိုင်း ဝေလီဝေလင်းအချိန်ကစ၍ ထန်တလန်မြို့နယ် ဗန်ဇံတောင်ကြောက CNA တပ်စခန်းငယ်တစ်ခုနှင့် လုံလဲရ်ကျေးရွာကို တိုက်လေယာဉ်နှင့် ဗုံးလာကြဲသွားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်သို့ စစ်ကူစေလွတ်လာသည်ဟုသိရပြီး တိုက်လေယာဉ်လည်း ပျံသန်းမှုရှိနေသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here