ကွတ်ခိုင်မြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

0
155

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းအုပ်စု ကောင်းခန်ရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၉) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွတ်ခိုင်မြို့ဘက်တက်လာသည့် ယာဥ်တန်း စစ်ကား ၁၀ စီးနီးပါးရှိ စစ်ကြောင်းကို မန်ပြိန်းအုပ်စုအတွင်း လှုပ်ရှားနေသည့် KIA တပ်ဖွဲ့မှ တိုက်ခိုက်ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကား ၁၀ စီးလောက်က သိန္နီဘက်ကနေ တက်လာတာ၊ ကောင်းခန်ရွာ အနားရောက်လာတော့ KIA က ဝင်တိုက်လိုက်တာ၊ ကားတစ်စီးကတော့ ဘီးမှန်သွားတာထင်တယ်၊ ဒီနေရာနားတစ်ဝိုက်ကို KIA စစ်ကြောင်းက မနေ့ကတည်းက ရောက်ထားတာတွေ့ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်က ဒီတိုက်ပွဲအကြောင်းကို မသိရသေးဘူး၊ တကယ်လို့ ဒီကနေ့မှ တိုက်ပွဲဖြစ်တယ်ဆိုရင် ကျနော့်ဆီ သတင်းမရောက်သေးတာလည်း ဖြစ်နိုင်တယ်” ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ မန်ပြိန်းအုပ်စုဘက်မှ တိုက်ပွဲသံသည် ယနေ့ နံနက် ၁၀ နာရီအထိ အသံများကြားနေရကြောင်း တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများကို အတည်ပြုရယူနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် (KIA) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင်လည်း KIO/ KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နိုင်ငံရေးအရွှေ့အပြောင်းကြီး ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ရေး ပြင်းထန်လာနိုင်‌သောကြောင့် ပြည်သူလူထုအနေဖြင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် အသိပေးပြောကြားမှု ရှိခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တပ်ဖွဲ့လည်းဖြစ်သည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here