စားဝတ်နေရေး အကျပ်အတည်းကြောင့် ရခိုင်စစ်ရှောင်လူငယ်လူရွယ်များ အိမ်နီးချင်းနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမှု များပြားလာ

0
185

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာထောက်ပံ့မှု ပုံမှန်မရရှိ၍ စားဝတ်နေရေးအခက်အခဲကြောင့် အမျိုးသမီးငယ်များအပါအဝင် လူငယ် လူရွယ် အများစုသည် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသသသို့ ထွက်ခွာမှုများပြားနေသည်ဟု သိရသည်။

ကျောက်တော်မြို့နယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ” စစ်ဘေးရှောင်စခန်းက တချို့လူတွေက နေ့စား ကျဘန်းအလုပ် လုပ်ကြပေမယ့် အလုပ်အကိုင်ရှားပါးတော့ အဆင်မပြေဘူ။ နိုင်ငံတကာ အန်ဂျီအိုတွေကလည်း အကူအညီမရောက်တာ ကြာပြီ။ အစိုးရ လူကယ်ပြန်ဆီက ဆန်ရိက္ခာ မရောက်တောလည်း ၆ လ ၇ လလောက်ရှိပြီ။ စားဝတ်နေရေး အဆင်မပြေတော့ အိမ်နီးချင်း နိုင်ငံတွေကို အလုပ်လုပ်ဖို့ ထွက်သွားကြရတာပေါ့” ဟု ပြောသည်။

ထိုသို့ ထွက်သွားကြရာတွင် လိုအပ်သော လမ်းစရိတ်ကို ချေးငှား၍ဖြစ်စေ၊ ရှိသည့် ပိုင်ဆိုင်မှုများကို ရောင်းချ၍ ဖြစ်စေယူဆောင်သွားကြရသည်ဟု ဆိုသည်။

“အကုန်လုံး နိုင်ငံခြားကိုထွက်ကြတာ။ အရမ်းထွက်ကြပါတယ်။ လုပ်စားစရာမှမရှိတာ၊ နိုင်ငံခြားကို တခါထွက်ရင်လည်း ကျပ်သိန်းလေးဆယ်ကျော်ကုန်ပါတယ်။ နိုင်ငံခြားကိုထွက်ဖို့လည်း ပိုက်ဆံ ရှိတဲ့လူမှ အဆင်ပြေပါတယ် ယ်။ ကျမတို့မှာတော့ ဒုက္ခရောက်နေတဲ့အချိန်မှာတော့ ချေးငှါးပြီး သွားရတာတွေရှိတယ်။ ဒီမှာ ဆက်နေရင် ငတ်သေတော့မယ်လေ။ ကျမသမီး တစ်ယောက်ကိုလည်း မလွှတ်ချင်ပေမယ့် တခုမှအဆင်မပြေတော့ နိုင်ငံခြားကို မလေးရှားကို လွှတ်လိုက်ရပြီလေ။ ကျမတို့ စခန်းမှာရော ရွာမှာရော ယောက်ျားတွေရော မိန်းခလေးတွေရော တစ်ယောက်မှ မကျန်တော့ဘူးလို့ တောင် ပြောချင်ပါတယ်” ဟု ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ရခိုင်စစ်ဘေးရှောင်များကို တစ်လလျှင် စစ်ဘေးရှောင်တစ်ဦးအတွက် ငွေကျပ်၂၁၀၀၀ ကျပ်စီထောက်ပံ့ပေးကြောင်း၊ အဆိုပါငွေကျပ် ၂၁၀၀၀ မှာ တစ်လလုံးအတွက် လုံလောက်မှုမရှိသဖြင့် အပြင်ထွက်အလုပ်လုပ်ကိုင်ကြရာတွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်မရသည့်နေ့က များကြောင်း၊ စစ်ကောင်စီ လူကယ်ပြန်ကလည်း ဆန်ရိက္ခာ မထောက်ပံ့သည်မှာ (၆) လခန့် ရှိနေပြီဖြစ်ကြောင်း၊ ငတ်၍ အသေမခံနိုင်သဖြင့် ရွှေကအစ ရှိသည့်ပစ္စည်းများကို ထုခွဲရောင်းချပြီး သွားနေကြသည်ဟု သူမက ပြောသည်။

ရခိုင်စစ်ဘေးရှောင်များ အနေဖြင့် အလုပ်လုပ်ကိုင်ရန် နိုင်ငံခြားသို့ထွက်ရာတွင်လည်း နီးစပ်ရာ ဆွေမျိုးမိသားစုများထံမှ ငွေများကို ချေးငှါးပြီး တရားမဝင် လမ်းကြောင်းက နိုင်ငံခြားထွက်နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။

“ ကျနော်တို့ကယ်ဆယ်ရေးမှာက စားဝတ်နေရေးက လုံးဝလုံလောက်မှုမရှိဘဲ အလုပ်အကိုင်လည်း မရတော့ အိမ်နီးချင်း နိုင်ငံတွေကိုအလုပ်သွားလုပ်ကြတာရှိပါတယ်။ သွားတဲ့အခါမှာလည်း သူများဆီက ပိုက်ဆံတွေချေးငှါးပြီးသွားကြရပါတယ်။ မလေးရှားတို့၊ ထိုင်းတို့၊ ဖားကန့်တို့ကို သွားကြတာများပါတယ်။ လူကယ်ပြန်ကဆန်မရတာလည်း ပြီးခဲ့တဲ့ ခြောက်လပိုင်းကတည်းကနေပါ။ ကိုယ့်ထမင်းကိုရှာစားနေရတာမှာ အလုပ်အကိုင်ကလည်းမရှိ တော့ ဟိုဟိုဒီဒီက ချေးငှါးပြီးစားနေကြရတာပါပဲ” ဟုပြောသည်။

ယခင်က ရခိုင်စစ်ဘေးရှောင်များအတွက် စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ထောက်ပံ့မှူရှိခဲ့သော်လည်း လက်ရှိတွင် ဆန်ရိက္ခာထောက်ပံ့မှုရပ်ထားသည်မှာ တချို့စစ်ဘေးရှောင်စခန်းများတွင် တစ်နှစ်နီးပါး ကြာမြင့်နေသလို တချို့စခန်းများတွင် ၆ လမှ ၈ လကျော်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များကပြောသည်။

ရခိုင်တွင် အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကျပ်တည်းမှုများကြောင့် စစ်ဘေးရှောင်များသာမက ဒေသခံအများအပြားလည်း နိုင်ငံခြားသို့ ရွေ့ပြောင်းလုပ်သားများအဖြစ် ထွက်ခွာနေကြရပြီး ယခုနှစ်တွင် ထွက်ခွာသူ ပိုမိုများပြားကြောင်း ရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ရခိုင်ကရွေ့ပြောင်းလုပ်သားများသည် ထိုင်း၊ မလေးရှား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့ကို သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင် တရားဝင်နည်းလမ်းဖြင့် သွားကြသူများရှိသလို တရားမဝင်နည်းလမ်းဖြင့် သွားရောက်ကြသူများလည်း ရှိနေရာ တရားမဝင်သွားသူများမှာ မကြာခဏ ဖမ်းဆီးခံရခြင်း၊ အသက်သေဆုံးခြင်းများ၊ ပျောက်ဆုံးခြင်းများလည်း ရှိနေကြောင်း သိရှိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here