ကံပေါက်ဒေသမှာ ဆိုင်ကယ်စီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်

0
153

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီဘက်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီခန့် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးအပါအဝင် ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲပစ်ခတ်မှုပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းသူတွေကို ဖမ်းဆီးမယ်လို့ လိုက်လံအသိပေးလာတာကြောင့် ဒေသခံတွေမှာ သွားရေးလာရေးအတွက် အခက်အခဲဖြစ်နေကြတာပါ။

စစ်ကောင်စီဘက်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတဲ့အတွက် လုပ်ငန်းခွင်ဝင်တာအပြင် ကျန်းမာရေး၊ စီးပွားရေးနဲ့ ကလေးတွေ ကျောင်းပို့တာကအစ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ကံပေါက်ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ကံပေါက်ဒေသခံတွေဟာ စစ်ကောင်စီဘက်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာကြောင့် ခြေလျင်၊ စက်ဘီး၊ ဘေးတွဲ၊ ထော်လာဂျီတွေကို အသုံးပြု သွားလာနေရတာပါ။

စစ်ကောင်စီခန့် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး အပါအဝင် ၃ ဦး ပစ်ခတ်ခံရမှုမှာ တစ်ဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူးနဲ့ တပည့်ဖြစ်သူတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကံပေါက်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေတာပါ။

စစ်ကောင်စီဟာ အဲဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၁၂ ဦးကို ဖမ်းဆီးထားပြီး မောရဝတီရေတပ်စခန်းမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here