RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော် ထပ်သွားမည်ဟုဆို

0
205

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နေပြည်တော်သို့ ခရီးထွက်မည်ဟု သတင်းသိရသည်။

မကြာမီ ရက်ပိုင်းအတွင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းပိုင်းများ တွေ့ဆုံဆွေးနွေးရန်အတွက် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အတူ RCSS ကိုယ်စားလှယ်အဖွဲ့များအဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူးနန်းစံဖောင်းတို့နှင့် အထောက်အကူပြုများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုသည် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အခြားအရေးကြီးသည့်ကိစ္စရပ်များနှင့် Bilateral ဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် လက်ရှိဆွေးနွေးတွေ့ဆုံမှုမှ တဆင့် နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်မှု မြှင့်တင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် အထောက်အပံ့ ဖြစ်မည်ဟု RCSSမှ ယုံကြည်ကြောင်းလည်း ယနေ့ ဇန်နဝါရီ (၂၃) ရက်မှ RCSS/SSA ၏ ပြန်ကြားရေး ဌာန ဖြစ်သည့် Tai Freedom မီဒီယာမှ ထုတ်ပြန်ကြေညာထားသည်။

ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး အသေးစိတ် မေးမြန်းသိရှိနိုင်ရန် RCSS ၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်သည် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မှ ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားသူတစ်ဦးဖြစ်သည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here