ဗန်းမောက်တွင် ရဲဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်တကွ PDF ထံသို့ ခိုလှုံသွားဟုဆို

0
147

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ရဲစခန်းက ဒု-တပ်ကြပ်လှမျိုးဦးသည် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက လက်နက်နှင့်တကွ PDF အဖွဲ့ထံ ဝင်ရောက်ခိုလှုံသွားကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

“သေနတ်အရှည်တစ်လက် နဲ့ လက်ပစ်ဗုံး နှစ်လုံးပါသွားတယ်လို့ပြောတယ်။ ဗိုလ်ကြီးစန်းလွင်ပြန်ခေါ်တာ မလာဘဲ သေနတ်နဲ့ ပြန်ပစ်သွားတာ ထိတော့ မထိဘူး။ PDF တွေက နားယကာရွာနားမှာ လာကြိုသွားတယ်ပြောတယ်။” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဗန်းမောက် PDF အဖွဲ့အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဖြစ်စဥ်မှာ သေချာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဒါကြောင့်ဖြစ်မယ် မနေ့က ညနေ မိုးမချုပ်ခင် ငါးနာရီလောက် ရဲစခန်းကနေ သေနတ်တွေ အကြီးအကျယ်ဖောက်နေတာ။” ဟု ရဲစခန်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ဗန်းမောက်ရဲစခန်းသို့ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ မကြာခဏ လာရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

“ရဲစခန်းထဲမှာ ဖရဲသီးတွေများနေတယ်ဆိုတာတော့ ကြားနေတာကြာပြီ။ ဒါမျိုးဖြစ်စဥ်ကတော့ ဒါပထမဆုံးပဲ။” ဟု ရဲစခန်းနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ဆိုသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ တပ်စခန်းမရှိဘဲ မြို့နယ်ရဲစခန်းနှင့် ဒေသစိတ်ရဲကင်းများသာရှိပြီး ယခုအခါ အောင်သာကုန်းရပ်ကွက်အနီးတွင် ယခင် တပ်စခန်းရာထားသောနေရာ၌ စစ်တပ်စခန်းတည်ဆောက်ရန် စီစဥ်နေကြောင်းလည်း သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here