ပုသိမ်မြို့ပေါ် ရပ်ကွက်အတွင်း စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်သဖြင့် အရက်မူးနေသူတစ်ဦး ဒဏ်ရာဖြင့် သေဆုံး

0
152

အရက်မူးပြီး ရမ်းနေသူကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆေးရုံရောက်ပြီး ၂ ရက်အကြာတွင် သေဆုံးသွားသည်ဟု နီးစပ်သူများက ပြောသည်။

အရက်မူးပြီး ရမ်းနေသူ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ပြီးဖမ်းရာမှ ဒဏ်ရာရှိပြီး ပုသိမ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ဇန္နဝါရီလ ၁၆ ရက်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု ဆေးရုံ ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “သူက အရက်မူးပြီး ဓါးနဲ့ လိုက်ရမ်းနေတာ အဲ့ဒါကို စစ်တပ်က သေနတ်နဲ့ ပစ်ဖမ်းတာမှာ ဒဏ်ရာက ပြင်းတော့ ဆေးရုံမှာ တစ်ရက်ကျော်လောက်ကုနေတုန်း သေသွားတာ” ဟု ပြောသည်။

စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်သည့် ဒဏ်ဖြင့် သေဆုံးသွားသူမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ရတနာလမ်းတွင် နေထိုင်သော အသက် ၃၀ ဝန်းကျင်ရှိ ကိုကျော်အောင် ဆိုသူဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ ကိုကျော်အောင်သည် ဇန္နဝါရီလ ၁၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံပြီး လက်မောင်းရင်းနှင့် ပုခုံးအကြားနေရာကို ကျဉ်ဆံထိမှန်ခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိပြီး အတွင်းလူနာအဖြစ် လက်ကိုဖြတ်တောက်ကာ ဆေးကုသမူခံယူနေစဉ်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ကိုကျော်အောင်၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက “အရက်မူးပြီး တွေ့တဲ့လူတိုင်းကို ဓါးနဲ့ လိုက်ရမ်းနေလို့ မိသားစုက ရဲတပ်ဖွဲ့ကို တားမြစ်ပေးဖို့ တိုင်တာမှာ စစ်တပ်က လိုက်လာပြီး ပစ်သတ်သွားတာ။ စစ်တပ်ဆိုတာကလည်း ပစ်မယ် သတ်မယ် ရိုက်မယ် နှက်မယ် မီးရရှို့မယ် ဆိုတာတွေချည်းဘဲလေ“ ဟု ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ တဂေါင်းစေတီရင်ပြင်တွင် တပ်စွဲစခန်းချနေသည့် စစ်ကောင်စီတပ်မှ အရာရှိက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပြီး နောက်တနေ့တွင်ပင် ယင်းစစ်ကောင်စီတပ်ဖွဲ့မှာ တပ်ဖွဲ့လိုက် ပြောင်းရွှေ့သွားပြီးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here